လွေးလာဝ်ဇာရ်၊ ဇွန်လ ၁ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နမ့်လုတ်ရွာအနီး ရှမ်းတပ်မတော် SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ ဇွန်လ ၁ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်သေး လက်နက်ကြီးသံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက “ဖြစ်နေတာ ဟုတ်တယ်။ အစုံသုံးနေတာ လက်နက်ကြီးရော လက်နက်သေးရော အကုန်သုံးတယ်။ အခုချိန်ထိ တိုက်ပွဲဖြစ်နေတုန်းဘဲ” လို့ ပြောပါတယ်။
ဒီနေ့မနက် ၉ နာရီကတည်းက နှစ်ဖက်တပ် ညှိနှိုင်းခဲ့ပေမဲ့ အဆင်မပြေတာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။
“ဒီမနက်ကတည်းက ဖြစ်ချင်နေတာ။ သူတို့က ၉ နာရီတုန်းက ညှိနှိုင်းပြီးတော့ ရသွားပြီလို့ ကြားလိုက်သေးတယ်။ ဘယ်လိုလဲတော့ မသိဘူး။ အခုကျတော့ ပြန်ဖြစ်သွားတယ်”
ပြီးခဲ့တဲ့ ဧပြီ လကုန်က MNDAA နဲ့ SSPP တို့အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုကိစ္စ ဆွေးနွေးတာ မအောင်မြင်လို့ နှစ်ဖက်လုံးက အထိုင်ချတပ်စခန်းဂိတ်တွေမှာ လူအင်အားထပ်ဖြည့်ထားနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်မှာ သီပေါ လားရှိုးကြားရှိတဲ့ နမ့်မ၊ ဟန်နားရွာမှာ MNDAA နဲ့ SSPP ထိတွေ့မှု ၈ နေရာ၊ နှစ်ဖက်ထိုးကြိတ်မှု ၂၄ နေရာအထိ ရှိခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ ရခဲ့ကြသလို ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အကြား နယ်မြေအငြင်းပွားမှု မကြာခဏ ဖြစ်ပွားနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။