ဓာတ်ပုံ – SPM

ယာရူစိင်း၊ ဇန်နဝါရီ ၂၄ ရက်၊ လားရှိုး

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လာရှိုးမြို့နယ် ကောင်းကျဲအုပ်စုထဲရှိ ကျေးရွာတွေမှာ ရှမ်းပြည်တပ်မတော်- SSPP နဲ့ ကချင်တပ်မတော်- KIA က ဆန်နဲ့ငွေ တောင်းခံနေပြီး ဇန်နဝါရီလအတွင်း အပြီးပေးခိုင်းနေပါတယ်။

ကောင်းကျဲအုပ်စုထဲက အိမ်ခြေ ၂ဝဝ ခန့်ရှိတဲ့ ခါးချဉ်ရွာ၊ အိမ်ခြေ ၆ဝ ကျော်ရှိတဲ့ ကောင်းမတ်ကျန်းရွာ၊ အိမ်ခြေ ၈ဝ ကျော်ရှိတဲ့ နမ့်မော်ဂျင်ရွာ၊ ပန်ဝူးလျန်ရွာနဲ့ အိမ်ခြေ ၁ဝဝ ကျော်ရှိတဲ့ ညောင်ပင်သာရွာတွေမှာ ကောက်ခံနေတာပဲ ဖြစ်ပါတယ်။

မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက “တစ်ရွာနဲ့တစ်ရွာ မတူဘူး။ SSPP က ရွာတစ်ရွာကို ဆန်အိတ် ဘယ်လောက် ပေးရမယ်ဆိုပြီး သတ်မှတ်ထားတာ ရှိပါတယ်။ ခါးချဉ်ကျေးရွာဆိုရင် ဆန်အိတ် ၂၀ ကို အိမ်ခြေ ရှိသလောက် မျှခံကြရတယ်။ KIA ကတော့ အိမ်တစ်အိမ်ကို ဆန် ၁၆ ပြည် (၁ တင်း) ငွေ တစ်သောင်းကျပ်နဲ့ ဆား ၁ ပိဿာ ကောက်ခံနေပါတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီလအတွင်း အပြီးပေးခိုင်းနေသလို မပေးနိုင်ကြောင်း ငြင်းဆိုတဲ့သူရှိရင် လာရောက် တိုင်ကြားဖို့ ကျေးရွာ‌တွေမှာရှိတဲ့ ရွာလူကြီးကို မှာကြားထားတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

နောက်ထပ် မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးကလည်း “ကချင်ရွာဆိုပြီး ခွဲထားတာ မရှိပါဘူး။ ကချင်တွေကိုကျတော့ သီးသန့် ခေါ်တွေ့တာ ရှိတယ်။ အိမ်တိုင်း ပေးရမယ့်ပုံစံပါ။ နှစ်စဉ်ကြေးလို့ ပြောတယ်။ ခါတိုင်းနှစ်တွေလည်း ကောက်တယ်။ SSPP က သူတို့ရှမ်းပြည်ဆိုတဲ့ပုံစံနဲ့ အရင်နှစ်တွေဆို စစ်မှုထမ်းဖို့ လူပါ တောင်းတယ်။ KIA တပ်က ဒီနှစ်မှ စကောက်တာ အရင်ကတော့ ကောက်တာ မရှိပါဘူး” ဆိုပြီး ပြောပါတယ်။

ဆန်နဲ့ငွေ ကောက်ခံနေတဲ့ ရွာတွေမှာ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ရှမ်း၊ တအာင်း၊ ကိုးကန့်နဲ့ ကရင်လူမျိုးတွေ ရောနှောနေထိုင်ကြတာဖြစ်ပြီး KIA ဟာ ကချင်လူမျိုးတွေကိုသာ ကောက်ခံတာဖြစ်ပြီး တခြားတိုင်းရင်းသားကိုတော့ ကောက်ခံတာ မရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်‌နယ်မြေမှာ ဘယ်အဖွဲ့အစည်းမှ ငွေနဲ့ စစ်မှုထမ်း ကောက်ခံတာကို လက်ခံမှာမဟုတ်ဘဲ ကောက်ခံတာရှိရင် တိုင်ကြားနိုင်ကြောင်း ကိုးကန့်တပ်‌က ပြောဆိုဖူးတယ်လို့ အထက်ပါ သတင်းအရင်းအမြစ်က ပြောပါတယ်။

“ဘယ်သူမှ မတိုင်ရဲကြပါဘူး။ ခြိမ်းခြောက်ထားတာ မရှိပေမဲ့ ကြောက်နေကြတာဘဲ။ အခု နေရတာလည်း မလုံခြုံဘူး။ သူခိုးဓားပြရန်ကတမျိုး စစ်ရေးကတစ်မျိုးလေ။ SSPP ကို ကြိုက်နှစ်သက်တဲ့သူတွေရှိသလို KIA တပ်ကို ထောက်ခံအားပေးတဲ့သူတွေလည်း ရှိတာပေါ့ဗျ”

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် KIA က ကချင်လူမျိုးတွေကို စစ်မှုထမ်းဖို့ ခေါ်တာကြောင့် ကိုးကန့်တပ်ဘက် တိုင်ကြားခဲ့တဲ့ ပန်ဝူးလျန်ရွာလူကြီးကို KIA က ဖမ်းဆီးသွားတဲ့ဖြစ်စဉ်လည်း ရှိခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။