မိုင်းပန်ပျော်၊ ဧပြီ ၂၁ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်မယ့် ရှမ်းမြောက် လားရှိုးမြို့မှာ ပရဟိတလုပ်ငန်း လုပ်နေတဲ့ အဖွဲ့တချို့ ခြိမ်းခြောက်ခံနေရတယ်လို့ ပရဟိတလုပ်ကိုင်နေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်ကစပြီး စစ်ကောင်စီရဲ့ လော်ဘီ တယ်လီဂရမ် ချန်နယ်ကတဆင့် ပရဟိတ လုပ်ကိုင်နေတဲ့ အဖွဲ့တွေကို စတင်ခြိမ်းခြောက်နေတာလို့ ပြောပါတယ်။
“လားရှိုးပရဟိတအဖွဲ့တွေ ခြိမ်းခြောက်ခံနေရတယ်။ ကျနော်တို့အဖွဲ့ကိုပဲ တွေ့သေးတယ် အခုတော့။ တိုက်ပွဲအတွင်းမှာလည်း ကျနော်တို့ပဲ ကျန်ခဲ့လို့လေ။ ကိုယ့်ဒေသမှာ ပရဟိတ အားနည်းနေလို့ ကျနော်တို့အသင်းက လိုအပ်တဲ့နေရာတွေ ဝင်ကူတာပါ။ ခြိမ်းခြောက်လို့လည်း ကျနော်တို့ ရုံးဝန်ထမ်းတွေလည်း မကြောက်ကြဘူးဗျ။ ဒါပေမဲ့ သတိတော့ ထားနေရတယ်။ မမှားထားတာ ကိုယ်ပဲသိလို့ ဘာမှမကြောက်ကြဘူး”
လားရှိုးမှာ ပရဟိတလုပ်ငန်း လုပ်ကိုင်နေသူတွေ ခြိမ်းခြောက်ခံနေရပေမဲ့ လူထုတွေရဲ့ အရေးကိုသာ ဦးစားပေးလို့ ဘယ်အခြေအနေရောက်ရောက် စစ်ကောင်စီပြန်လည်အုပ်ချုပ်ရင်လည်း လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်သွားမယ်လို့ ၎င်းကဆက်ပြောပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ ဒီနေ့ ဧပြီ ၂၁ ရက် နောက်ဆုံးထားပြီး လားရှိုးမြို့ကနေ ထွက်ခွာရမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက်လည်ပတ်မှာ ဖြစ်ပါတယ်။
စစ်ကောင်စီ ဝင်ရောက်လာလို့ လားရှိုးမြို့တွင်းရှိ နိုင်ငံရေး အကျဥ္းသားဟောင်းနဲ့ ကိုးကန့်တပ်က ခန့်အပ်ထားတဲ့ ဝန်ထမ်းအများစု လားရှိုးမြို့ကနေ စွန့်ခွာသွားခဲ့ကြပြီ ဖြစ်ပါတယ်။