မိုင်းရူပ၊ မေလ ၂ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ အုပ်ချုပ်ရေးလုပ်ငန်းတချို့ ပြန်စနေပြီး လားရှိုးပြည်သူ့ဆေးရုံ ပြန်ဖွင့်ဖို့လည်း စီစဥ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မေလ ၂ ရက်မှာ စစ်ကောင်စီတပ်ဘက်က လားရှိုးဆေးရုံ ဖွင့်ပွဲပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပြီး မြို့တွင်းမှာလည်း စစ်ကောင်စီရဲ့ စည်ပင်ဝန်ထမ်းတွေ အမှိုက်လိုက်သိမ်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
“အုပ်ချုပ်ရေးတော့ ပြန်စနေတယ်။ ဆေးရုံတော့ ပုံမှန်ပကတိဖြစ်ဖို့တော့ မလွယ်ဘူး။ ဆေးရုံးသုံးကားတွေကအစ မရှိတော့ဘူးလေ။ ဆေးဝါးတွေက အစပေါ့။ အရေးပေါ် လူနာလောက်ပဲ ကုသနိုင်မယ့် အခြေအနေပေါ့”လို့ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးထဲကို စစ်ကောင်စီတပ် ပြန်ဝင်ပြီးနောက် ၂ ပတ်နီးပါးအကြာမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်တာလည်း ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီပြန်ဝင်လာပြီးနောက် လားရှိုးမှာ ဓားပြတိုက်မှု၊ လုယက်မှုနဲ့ ခိုးမှုတွေ ဆက်တိုက်ဖြစ်လာနေပြီး ဒေသခံတွေတော့ စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက် ထွက်ခွာခဲ့ရပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက်လည်ပတ်နေတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။