ရွှေဖီမြေ၊ မတ်လ ၅ ရက်၊ ဟိုပင်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ ဓားပြ တိုက်ခံရပြီး ၆ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း မြို့ခံအမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဟိုပင်ဈေးအနီး မြသာယာရပ်ကွက်မှာ နေထိုင်တဲ့ မိသားစု ၅ ဦးနဲ့အတူ အိမ်အကူ အမျိုးသမီး ၁ ဦးတို့ဟာ ဒီနေ့ မတ်လ ၅ ရက် မနက်အစောပိုင်းမှာ သတ်ဖြတ်ခံရတာပဲ ဖြစ်ပါတယ်။
မြို့ခံအမျိုးသမီးက “ဈေးနားက ရပ်ကွက်မှာဖြစ်တာ။ အိမ်နီးနားချင်းတွေက အသံကြားတယ်ပြောတယ်။ ဘယ်သူမှ သွားမကြည့်ရဲဘူး။ ဒီမြို့မှာက ရှုပ်နေလို့လေ။ မိုးလင်းမှ အိမ်နီးနားချင်းက သက်ဆိုင်ရာတွေကို သွားပြောကြတာ အသံကြားရတဲ့အကြောင်းပေါ့” လို့ ပြောပါတယ်။
သတ်ခံရသူတွေဟာ အသက် ၄၀ ဝန်းကျင် လင်မယားနဲ့ အသက် ၁၀ နှစ်အောက် ကလေး ၃ ဦးအပြင် အသက် ၃၀ ကျော် အိမ်အကူ အမျိုးသမီးတစ်ဦးတို့ ဖြစ်ပါတယ်။
ဓားပြ တိုက်ခံခဲ့ရပြီးတော့ သတ်ဖြတ်ခံခဲ့ရတာဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ပြောဆိုပါတယ်။
”ဒီမနက် သက်ဆိုင်ရာတွေ ဝင်စစ်တော့ တကယ်အသတ်ခံထားရတာပေါ့။ သူတို့ ရွှေတွေ၊ ပိုက်ဆံတွေလည်း ယူသွားတယ်လို့ ပြောတယ်”
လက်ရှိမှာတော့ ၎င်းတို့ရဲ့ ရုပ်အလောင်းတွေကို ရဲတပ်ဖွဲ့က မိုးကောင်းမြို့နယ်ဘက် သယ်ဆောင်သွားခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့မှာလည်း လတ်တလော တိုက်ပွဲ ဖြစ်ပွားနေတဲ့အပြင် သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာနဲ့ သေဆုံးတဲ့ ပိုင်ရှင်မဲ့အလောင်းတွေလည်း မကြာခဏ တွေ့နေရကြောင်း မြို့ခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။