မိုင်းရူပ၊ မေလ ၁၈ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၇ ရှိ ဖုန်းအပေါင်ဆိုင်တစ်ခုမှာ အုပ်စုလိုက် ဓားပြတိုက်မှု ထပ်ဖြစ်ခဲ့ပြီး ဖုန်း ၅၀ လုံးနဲ့ ရွှေ ၅ ကျပ်သား ပါသွားတယ်လို့ ဓားပြ တိုက်ခံရတဲ့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မေလ ၁၇ ရက် နေ့လယ် ၃ နာရီ ၄၅ မိနစ်မှာ Crown ကား စီးလာတဲ့ အမျိုးသား ၈ ဦးဟာ ရပ်ကွက် ၇ ရှိ ဖုန်းအပေါင်ဆိုင်ထဲ ဝင်လာပြီး သေနတ်နဲ့ချိန်ကာ ဆိုင်အတွင်းရှိ ဖုန်း ၅၀ လုံး၊ ရွှေ ၅ ကျပ်သားနဲ့ လက်စွပ်တစ်ကွင်း ယူသွားခဲ့တာပဲ ဖြစ်ပါတယ်။
“Crown ကားနဲ့ ရောက်လာတာ။ အယောက်တိုင်းမှာ ပစ္စတိုသေနတ် ပါတယ်။ ဖုန်းအလုံး ၅၀၊ ရွှေ ၅ ကျပ်သား ပါသွားတယ်။ လက်စွပ်လည်း ချွတ်ခိုင်းပြီး ယူသွားတာ။ ဆိုင်ကယ် ၃ စီးလည်း ယူသွားမလို့ အစ်မက မယူဖို့ ဆွဲထားတော့ ဓားနဲ့ ပြန်ခုတ်တာ။ ခေါင်းနည်းနည်း ထိသွားတယ်” လို့ ဓားပြတိုက်ခံရတဲ့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဓားပြ တိုက်သွားသူတွေဟာ အမျိုးသားတွေဖြစ်ပြီး အသက် ၃၀ ဝန်းကျင် ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၃ ရက်မှာလည်း လားရှိုးမြို့ မန်ဆူကျောင်းအနီး ဆိုင်ကယ် မောင်းနေတဲ့ အမျိုးသမီးတစ်ဦးကို သေနတ်ထောက်ပြီး ဓားပြတိုက်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ် ဝင်ရောက်ပြီးနောက် ဧပြီ ၂၂ ရက်ကနေ ဒီနေ့ မေလ ၁၈ ရက်အထိ ဓားပြတိုက်မှု၊ ဓားခုတ်မှု၊ လူယက်မှု ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်က ထွက်ခွာခဲ့ရပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက် လည်ပတ်နေပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၈ လကျော်အကြာမှာ စစ်ကောင်စီကို ပြန်လည် လွှဲပြောင်းပေးခဲ့ရတာပဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။