ဆုမွန်၊ ဖေဖော်ဝါရီ ၂၅ ရက်၊ တောင်ကြီး
ရှမ်းတောင် တောင်ကြီးမြို့ပေါ်က ရပ်ကွက်တချို့မှာ စစ်မှုထမ်းဖို့အတွက် အမျိုးသမီးစာရင်းတွေကိုပါ စတင်ကောက်ခံနေပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တောင်ကြီးမြို့ပေါ်ရှိ ဈေးပိုင်ရပ်ကွက်၊ ကန်အောက်ရပ်ကွက်၊ ဟော်ကုန်းရပ်ကွက်တွေမှာ အမျိုးသမီး စစ်မှုထမ်းအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကစပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စာရင်းစတင် ကောက်ယူခဲ့တာပဲ ဖြစ်ပါတယ်။
“အမျိုးသမီးရှိတဲ့ အိမ်တွေ စာရင်းကောက်နေတယ်။ အခုက လာခေါ်တဲ့အဆင့် မဟုတ်သေးဘူး။ စာရင်းကောက်နေတဲ့ အနေအထားပဲ ရှိသေးတယ်။ ပြီးခဲ့တဲ့နှစ်က တစ်ခါကောက်သေးတယ်။ တစ်နှစ်နီးပါး ငြိမ်သွားပြီးခါမှ အခုမှ ပြန်စကောက်တာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
တောင်ကြီးအပြင် ရွှေညောင်မြို့နဲ့ အေးသာယာမြို့တို့မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အမျိုးသမီး စစ်မှုထမ်းအတွက် စာရင်းတွေ ကောက်ယူနေပြီလို့ သိရပါတယ်။
လက်ရှိ တောင်ကြီးမြို့နယ်အတွင်းမှာ အမျိုးသမီး စစ်မှုထမ်းအတွက် စာရင်းကောက်ခံရာမှာ အသက် ၁၈ ကနေ ၂၇ ကြား အမျိုးသမီးတွေ အများစုပါဝင်နေတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းစာရင်းထဲ ပါနေသူတွေကို လာမယ့် မတ်လနဲ့ ဧပြီလနောက်ပိုင်းမှာ စတင်ခေါ်ယူဖို့ စီစဉ်နေကြောင်းလည်း အဆိုပါ အမျိုးသားက ပြောပါတယ်။
စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်ရှိနေတဲ့ တောင်ကြီးမြို့ထဲမှာ အမျိုးသမီး စစ်မှုထမ်းစာရင်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ပထမဆုံးအကြိမ် စာရင်းကောက်ခံခဲ့ပြီး အခု ၂၀၂၆ ခုနှစ်မှာ ဒုတိယအကြိမ် ထပ်မံကောက်ခံလာတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။