သုတ၊ ဖေဖော်ဝါရီ ၂၀ ရက်
တအာင်းတပ်မတော်- TNLA နဲ့ ကိုးကန့်တပ်မတော်- MNDAA အကြား ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေကို ဖြေရှင်းပေးဖို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ- FPNCC ကို စာပို့ထားတယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကျမတို့ မဟာမိတ် MNDAA နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးပမ်းနေတာ ရှိတယ်။ ပြီးတော့ ဒီကိစ္စကို FPNCC အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးဖို့၊ အစည်းအဝေးခေါ်ပေးဖို့ ကျမတို့ ပန်ကြားထားတာ ရှိတယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းမှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်မှာ MNDAA တပ်ဆင်ထားတဲ့ CCTV တွေကို လိုက်ဖြုတ်ရာကနေ နှစ်ဖက်တပ်တွေ ထိုးကြိတ်မှု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိလည်း စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေပါတယ်။
ဒီရက်ပိုင်းအတွင်း သိန္နီမြို့နယ် မိုင်းပါးကျေးရွာအပါအဝင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာနဲ့ ငေါ့ငကျေးရွာမှာ MNDAA နဲ့ TNLA တပ်ဖွဲ့ဝင်အကြား နယ်မြေအငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်တွေ ထိုးကြိတ်ကာ အပြန်အလှန် ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းမှာ ငေါ့ငကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးတင်းမာမှုအတွင်းမှာလည်း ငေါ့ငရွာခံ ၁၀ ဦးကို MNDAA ဘက်က သံဆူးတုတ်ချောင်းနဲ့ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ရိုက်နှက်ခံရတဲ့ ဒေသခံတွေထဲမှာ ဦးအိုက်ထိုက်၊ ဦးအိုက်ကျူနဲ့ ဦးတာကွန်အီထက် ဆိုသူတို့ ဒဏ်ရာပြင်းထန်ပြီး ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့ပေါ်မှာတော့ MNDAA တပ်ဖွဲ့ဝင်တွေ မတွေ့ရတော့ပေမယ့် မြို့ပြင်နေရာတွေမှာတော့ MNDAA ဘက်က စစ်အင်အားတွေ ဖြည့်တင်းထားတယ်လို့ ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကိုးကန့်က ကာလိုင်ဘက်နေလည်း တိုးလာတယ်။ နမ့်ဖတ်ကာ၊ မုံစီး၊ ကောင်းခါးဘက်ကနေ မြို့ထဲကို တိုးလာမယ့် သဘောရှိတယ်” လို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့ဖြစ်ပြီး MNDAA တပ်ဘက်က ကွတ်ခိုင်မြို့ကို TNLA သိမ်းပိုက်ပြီးနောက် မြို့တွင်းထဲ ဝင်ရောက်တပ်စွဲထားခဲ့တာလည်း ဖြစ်ပါတယ်။
TNLA နဲ့ MNDAA ဟာ “ဝ” တပ်ဖွဲ့- UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ- FPNCC ရဲ့ အဖွဲ့ဝင်တွေဖြစ်သလို ညီနောင်မဟာမိတ်တပ်တွေလည်း ဖြစ်ကြပါတယ်။
လက်ရှိ ကွတ်ခိုင်မြို့နယ်မှာ နှစ်ဖက်တပ်တွေ တင်းမာမှုရှိနေပေမယ့် မူဆယ်မြို့နယ် ၁၀၅ မိုင်မှာတော့ တအာင်းတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပူးတွဲထိန်းချုပ်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။