ဓာတ်ပုံ – PLA

မိုင်းရူပ၊ ဧပြီ ၉ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနေနဲ့ စစ်ရေးအတွေ့အကြုံ များစွာရခဲ့ပြီး ကိုးကန့်တပ်မတော် ကိုးကန့်တပ် MNDAA အနေနဲ့ လားရှိုးကနေ ဆုတ်ခွာရင် လူထုတွေအတွက် အကောင်းဆုံး ပြင်ဆင်ပေးမယ်လို့ ယုံကြည်ကြောင်း PLA ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ရွှေဖီမြေကို ပြောပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ဧပြီလ နောက်ဆုံးအပတ်မှာ ကိုးကန့်တပ်က လားရှိုးကနေ ဆုတ်ခွာရမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ PLA က အခုလို တုံ့ပြန်ထားတာ ဖြစ်ပါတယ်။

လားရှိုးမြို့ကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်နိုင်မှုဟာ တော်လှန်ရေးအတွက် အားတက်စရာဖြစ်ခဲ့ပြီး MNDAA အနေနဲ့ လားရှိုးမြို့ကနေ ဆုတ်ခွာခဲ့ရင်တောင် ဖိအားအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်လို့ PLA ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ရွှေဖီမြေကို ပြောပါတယ်။

“လားရှိုးတိုက်ပွဲမှာ ကျွန်မတို့ အတွေ့အကြုံ၊ စစ်ပညာတွေ အများကြီးရခဲ့ပါတယ်။ အသက်သွေးချွေး အများကြီး ပေးဆပ်ပြီး ခက်ခက်ခဲခဲနဲ့ ရတဲ့နေရာကို ကျွန်မတို့ကတော့ လက်မလွတ်ချင်ဘူးပေါ့နော်။ MNDAA က ဆုတ်ပေးခဲ့ရင်လည်း လူထုတွေအတွက် စဥ်စားပြီးမှ မဖြစ်မနေ ဆုတ်ရတယ်။ မြို့ကနေ လုံးဝဆုတ်တာ မဟုတ်ဘဲ မြို့ပြင်ကနေ နေတာလည်း ဖြစ်နိုင်တာပေါ့နော်”

PLA တပ်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး မြေပြန့်ဒေသအပါအဝင် နိုင်ငံတဝန်းမှာ စစ်ကောင်စီအမြစ်ပြတ်တဲ့အထိ ဆက်လက်တော်လှန်တိုက်ခိုက်သွားမယ်လို့ ရဲဘော်နီနီကျော်က ဆက်ပြောပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲမှာ MNDAA နဲ့အတူ PLA အပါအဝင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA နဲ့ နွေဦးတော်လှန်ရေးတပ်တွေလည်း ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီတပ်နဲ့ MNDAA တပ်တို့အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ ဧပြီ ၂၁ ရက် နောက်ဆုံးထားကာ လားရှိုးမြို့ကနေ ထွက်ခွာရမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက်လည်ပတ်မှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ရဲ့ ဆွေးနွေးမှုသဘောတူညီချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရော ကိုးကန့်တပ်ဘက်ကပါ ထုတ်ပြောတာမရှိသေးဘဲ အသေးစိတ်သိရဖို့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။