မိုင်းရူပ၊ အောက်တိုဘာ ၁၃ ရက်၊ လားရှိုး
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကြောင့် ရှမ်းမြောက် လားရှိုးမြို့မှာ ရောက်နေတဲ့ နမ္မတူနဲ့ သီပေါမြို့နယ်က စစ်ရှောင် ၁၅၀၀ ကျော်အတွက် အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိ လားရှိုးမြို့မှာ စစ်ရှောင်လာသူတွေထဲမှာ နောင်လိုင်ကျေးရွာက ၅၀၀ ကျော်၊ လားရှိုးမြို့ ရပ်ကွက် (၁) ဓမ္မာရုံမှာ ၂၀၀ ကျော်၊ စိန်လင်းပန်ဆီဆိုင်နောက်ရှိ ဂေဟာမှာ ၂၀၀ ကျော်ရှိပြီး မြို့တွင်း အိမ်ခန်းငှားနေသူတွေအပါအဝင် စစ်ရှောင်သူ ၁၅၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်ရှောင်တွေဟာ စားသောက်ကုန်တွေပဲဖြစ်တဲ့ ဆန်၊ ဆီအပါအဝင် စောင်တွေအကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အဓိက စောင်တွေတအားလိုတယ်။ စားစရာတွေလည်းလိုတယ်။ ရပ်ကွက်တွေထဲမှာ မိသားစုတွေပေါင်းပြီး နေထိုင်တဲ့သူတွေက အကူအညီပိုလိုတယ်။ နောင်ပိန်နဲ့ ကျောက်မဲက စစ်ရှောင်လာတာ ၂ လရှိပြီလေ။ အဲမှာလည်း အလှူရှင်တွေလှူထားတော့ ဒီနောက်ပိုင်း အလှူရှင်တွေ ပိုနည်းလာတာပေါ့”
သီပေါ–ကျောက်မဲမြို့နယ်ကြားက တိုက်ပွဲကြောင့် လက်ရှိအချိန်အထိ လားရှိုးမြို့ကို စစ်ရှောင်လာတဲ့ ကျောက်မဲနဲ့ နောင်ပိန်ကျေးရွာက ဒေသခံတွေ အားလုံးနေရပ်မပြန်နိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်က စပြီး နမ္မတူမြို့ TNLA ထိန်းချုပ်ဒေသအားလုံးနီးပါးကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ်လိုလို ပြုလုပ်နေပါတယ်။
နမ္မတူမြို့ပေါ်မှာ စစ်ကောင်စီက တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၄ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လေကြောင်းစိုးရိမ်ချက်ကြောင့် မြို့ခံအားလုံးနီးပါး ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
သီပေါမြို့မှာလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေသလို ကျောက်မဲနဲ့ သီပေါမြို့နယ်ကြားမှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေ အခုလက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
၂ ပတ်နီးပါးအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ TNLA ထိန်းချုပ်ဒေသမှာ သေဆုံးသူ ကလေး (၄) ဦး အပါအဝင် (၃၁) ဦး သေဆုံးခဲ့ပြီး ကလေး (၉) ဦး အပါအဝင် (၂၈) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။