ရွှေဖီမြေ၊ ဧပြီ ၂၂ ရက်၊ လားရှိုး

ဒီနေ့ ဧပြီ ၂၂ ရက် မနက် ၈ နာရီခွဲကစပြီး တန့်ယန်းလမ်းဘက်ကနေ လားရှိုးမြို့ထဲ စစ်ကောင်စီယာဉ်တန်း ဆက်တိုက် ဝင်လာနေပြီး လက်ရှိအချိန်ထိ လက်နက်အပြည့်အစုံနဲ့ စစ်ကောင်စီယာဉ်တန်း အစီးပေါင်း ၁၅၀ ကျော် ရှိလာပြီဖြစ်တယ်လို့ မြေပြင်ရှိဒေသခံတွေက ပြောဆိုပါတယ်။

“ကားအသေးတွေတော့ မရေတွက်ကြည့်ရသေးဘူး။ ကားအကြီးသီးသန့်ပဲ ၁၅၀ ကျော်တယ်။ မြို့လယ် အဝိုင်းပတ်ကနေ မြို့အထွက်ထိပဲ တန်းစီနေကြတာ။ တော်တော်များများကတော့ လက်နက် အပြည့်အစုံနဲ့ ပါလာကြတယ်”

စစ်ကောင်စီယာဉ်တန်း ဝင်လာနေစဉ်အတွင်းမှာလည်း ဆင်နှစ်ကောင်ဟိုတယ်မှာ တရုတ်က ဦးဆောင်ပြီး ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ အစည်းအဝေး လုပ်နေကြဆဲဖြစ်ပြီး အဲဒီလမ်းကိုလည်း ဆက်ပိတ်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီယာဉ်တန်းက တန့်ယန်း၊ မိုင်းရယ်ဘက်ကနေ ဆက်တိုက် ဝင်လာနေဆဲဖြစ်ပြီး ဝင်လာတဲ့ အရေအတွက် အတိအကျကိုတော့ အတည်ပြုလို့ မရသေးပါဘူး။

“အခု စစ်ကားတွေ ဝင်လာတော့ လားရှိုးထဲကလူ ဘယ်သူမှ မပျော်တော့ဘူး။ ကားပွဲစား လုပ်တဲ့လူတွေ အလုပ် လုပ်တဲ့လူတွေလည်း အကုန်စိတ်ဓာတ်ကျနေတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိ မြို့ထဲ ကိုးကန့်တပ် ကျန်ရှိနေသေးပေမဲ့ အရေအတွက်ကတော့ အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ထွက်ခွာရမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

လားရှိုးမြို့မှာ တရုတ်နိုင်ငံရဲ့ အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့ ရောက်ရှိနေပြီး တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန်ရှီကျွင်းလည်း လားရှိုးမြို့သို့ ရောက်နေပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။