ပို့လဘား၊ ဇူလိုင် ၂၆ ရက်၊ နောင်ပိန်
ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်လိုက်လို့ ဒေသခံ ၁ ဦး သေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇူလိုင်လ ၂၆ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က နောင်ချိုမြို့ကနေ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် နောင်ပိန်ဒေသခံတွေနဲ့ နောင်ချိုကနေ စစ်ဘေးရှောင်လာတဲ့ စစ်ရှောင်တွေက စိုးရိမ်ကြပြီး ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
“လက်နက်ကြီး ပစ်လာနေလို့ တခြားရွာတွေမှာ စစ်ရှောင်နေကြတယ်။ အကုန်လုံးလည်းမဟုတ်ဘူး။ ရွာထဲမှာ နေတဲ့သူလည်းရှိပါတယ်။ ၇လုံး ၈လုံးလောက်ပစ်လာကြတယ်။ နောင်ချိုကစစ်ရှောင်လာတဲ့ ကြက်သားသည် တစ်ယောက်သေတယ်။ တစ်ယောက်ဒဏ်ရာရထားတယ်။ အိမ်တွေလည်း ထိခိုက်ပျက်စီးတယ်” လို့ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကနေ နောင်ပိန်ကျေးရွာက ရပ်ကွက် ၁ မှာ ၁ လုံး၊ ရပ်ကွက်၂ ၃လုံး၊ ရပ်ကွက်၃ မှာ ၃ လုံး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မိုးကုတ်မြို့မှာရှိတဲ့ ရွှေလိပ်ပြာဟိုတယ်ကိုလည်း စစ်ကောင်စီတပ်က ဒီနေ့ ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီအချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်ကလည်း နောင်ပြစ်ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်လာတဲ့ သားအမိ၂ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။