မိုင်းရူပ၊ မေလ ၁၉ ရက်၊ နောင်ချို
စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာမှာ စစ်တပ်ရဲ့ စနိုက်ဘာသမားက ပစ်ခတ်လို့ စစ်ရှောင်တစ်ဦး သေဆုံးသွားပါတယ်။
မနေ့ မေလ ၁၈ ရက် မနက် ၈ နာရီမှာ အုမ္မတီးရွာရှိ စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ အသက်(၂၇)နှစ်အရွယ် ဦးအိုက်လှိုင်ကို စစ်တပ်ရဲ့ စနိုက်ဘာသမားက ချောင်းမြောင်း ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်က ဒီနေ့ မေလ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒီရက်ပိုင်းအတွင်း စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ အုမ္မတီး၊ တောင်းခမ်းနဲ့ နောင်လင်ရွာမှာ တိုက်ပွဲ ငြိမ်သက်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဒီရက်ပိုင်း တိုက်ပွဲက ငြိမ်နေတယ်။ ၁၇ ရက်နေ့မှာ စစ်ကောင်စီက ဘန့်ဘွေးကနေ တောင်ကျရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်တာ။ ၃ ယောက် ဒဏ်ရာ ရတယ်”
ပြီးခဲ့တဲ့ မေလ ၁၄ ရက်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် သုံးဆယ်ရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ ၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ဧပြီလကုန်မှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲ မအောင်မြင်ပြီးနောက် စစ်တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ မန်တုံ၊ မိုးကုတ်နဲ့ မိုင်းငေါ့ စတဲ့မြို့တွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး အရပ်သား သေဆုံးမှုလည်း ဆက်ရှိနေပါတယ်။
စစ်တပ်ဟာ မေလကုန်အထိ အပစ်ရပ်ကြောင်း ထုတ်ပြန်ထားပေမဲ့ TNLA ထိန်းချုပ်ဒေသကို လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြုပြီး ပစ်ခတ်တိုက်တာတွေ ပြုလုပ်နေတာကြောင့် လူထုတွေအနေနဲ့ စစ်ရေးသတိ ရှိကြဖို့ TNLA က တိုက်တွန်းထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။