ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၉ ရက်
ဗမာ့အမျိုးသား တော်လှန်ရေးတပ်မတော် (BNRA)ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက စစ်ကောင်စီတပ်ထံ လက်နက်ချပြီးနောက် BNRA ရဲ့တပ်ဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ လာရောက်ပူးပေါင်းပြီး တော်လှန်ရေးမှာ ဆက်လက်ပါဝင်ပေးဖို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ဖိတ်ခေါ်လိုက်ပါတယ်။
BNRA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးနဲ့ ၎င်းရဲ့တပ်ဖွဲ့ဝင်တချို့ဟာ ပြည်သူလူထုအပေါ် ဖိနှိပ်တာ၊ သက်ငယ်မုဒိန်းမှု၊ လူသတ်မှုနဲ့ လူသတ်အလောင်းဖျောက်တဲ့ အမှုတွေကို ကျူးလွန်တာ၊ တရားမဝင် အခွန်ဂိတ်ဖွင့်လှစ်ပြီး အခွန်ကောက်တာ၊ လူထုတွေအသုံးပြုတဲ့လမ်းတွေမှာ အထိုင်စခန်း ချတာ၊ မိုင်းထောင်တာ၊ ဒေသခံတွေကို နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်တာနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို မလုပ်နိုင်အောင် နှောက်ယှက်တာတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ဆက်သွယ်ပြီးသတင်းပေးတာနဲ့ NUG လက်အောက်ခံ PDF တပ်ရင်း၊ တပ်ဖွဲ့စခန်းတွေကို တိုက်ခိုက်လာတာတွေကြောင့် NUG ဘက်က BNRA ကပြစ်မှုကျူးလွန်သူတွေကို သာမန် တရားဥပဒေစိုးမိုးရေးယန္တရား သက်သက်နဲ့ အရေးယူဖို့မဖြစ်နိုင်တာကြောင့် စစ်အင်အားသုံးပြီး ဆောင်ရွက်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
BNRA အဖွဲ့က ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာဖြစ်စေ လာရောက်ပူးပါင်းပါဝင်ပြီး တော်လှန်ရေးမှာ ဆက်လက်ပါဝင် တိုက်ပွဲဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
အဲဒီလို ဆောင်ရွက်နေစဉ်အတွင်း လူထုတွေကို ထိတ်လန့်စိုးရိမ်မှုဖြစ်စေခဲ့အတွက် NUG အနေနဲ့ များစွာစိတ်မကောင်းဖြစ်ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။