မိုင်းရူပ၊ ဒီဇင်ဘာ ၁၂ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့မှာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း (၁) မှာ ထည့်သွင်းထားပေမယ့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်တာတွေ မတွေ့ရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
မြို့တွင်းထဲမှာ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပါတီတွေရဲ့ ဆိုင်းဘုတ်တွေကို ထောင်ထားတာတွေ့ရပေမယ့် ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေးလုပ်တာ မတွေ့ရဘူးလို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကျနော်တို့ ရပ်ကွက်လည်း မလာဘူး။ တခြားရပ်ကွက်လည်း လာတာမတွေ့ရဘူး။ ရွေးကောက်ပွဲရက်တောင် နီးလာပြီ။ လူတွေလည်း စိတ်မဝင်စားကြဘူး။ ကျနော်တောင်မှ အခုထိ မဲစာရင်း သွားမကြည့်ရသေးဘူး” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လူထုအများစုက စိတ်မဝင်စားကြဘဲ မဲစာရင်းသွားကြည့်သူတွေ နည်းပါးပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက မဲစာရင်းသွားကြည့်ဖို့ လိုက်လံသတိပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့ ရွေးကောက်ပွဲမှာ စစ်ကောင်စီရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP၊ ပြည်သူ့ရှေ့ဆောင်ပါတီ PPP နဲ့ ရှမ်းနဲ့ တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ရှမ်းမြောက်မှာ လားရှိုး၊ မူဆယ်၊ နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ မိုင်းရယ်နဲ့ တန့်ယန်းမြို့တွေကိုသာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ပြီး လက်ရှိကျင်းပမယ့် ရွေးကောက်ပွဲ ပထမအပိုင်းမှာတော့ မူဆယ်၊ လားရှိုးနဲ့ နောင်ချိုမြို့နယ်ကို ထည့်သွင်းထားတာတွေ့ရပါတယ်။
တန့်ယန်းနဲ့ မိုင်းရယ်မြို့ကိုတော့ ရွေးကောက်ပွဲ ဒုတိယအပိုင်းမှာ ထည့်သွင်းထားပြီး သီပေါနဲ့ ကျောက်မဲမြို့ကိုတော့ ရွေးကောက်ပွဲ အပိုင်း (၃) မှာ ကျင်းပမယ့် အခြေအနေလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက လွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း ထုတ်ပြောထားပြီး တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။