သူတော်စိန်၊ မေလ ၂၁ ရက်၊ မူဆယ်
တရုတ် – မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့ကနေ တရုတ်နိုင်ငံဘက်ကို အလုပ်သွားလုပ်မယ့် အလုပ်သမားတွေဆီ ပွဲစားတွေက တရုတ်ယွမ် ၃ ထောင်( မြန်မာငွေ ကျပ် ၁၈ သိန်း)အထိ တောင်းနေတာတွေ ရှိတယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အလုပ်သမားခေါ်စာမရတဲ့ မြန်မာနိုင်ငံသားတွေကို မူဆယ်မှာရှိတဲ့ ပွဲစားတွေက အလုပ်သွားလုပ်မဲ့ အဲဒီမြန်မာနိုင်ငံသားတွေကို အလုပ်ခေါ်စာအတုနဲ့ ယွမ် ၃ထောင်တောင်းပြီး တရားမဝင်တဲ့ လမ်းကြောင်းနဲ့ ဆောင်ရွက်ပေးနေတာလို့ ဆိုပါတယ်။
အဆိုပါ ပွဲစားတွေဟာ အလုပ်ခေါ်စာအတုကို အသုံးပြုပြီး TBP (၇) ရက်ကတ်ပြားနဲ့ တရုတ်ပြည်ဘက် အလုပ်သွားလုပ်လိုသူတွေကို လိမ်လည်တာဖြစ်ပြီး ယွမ် ၂ ထောင်ကို ချက်ချင်းပေးရတာဖြစ်ပြီးတော့ ကျန်တဲ့ယွမ် ၁ ထောင်ကိုတော့ တရုတ်ပြည်ဘက်ရောက်မှသာ ပေးရမှာဖြစ်တယ်လို့ ပြောပါတယ်။
“ပြဿနာဖြစ်လို့ အဖွဲ့စုံကို သွားပြောရင် အအော်ခံရတာပဲ ရှိတယ်။ ဘာအကူအညီမှ မပေးဘူး။ ခေါ်စာအတုလုပ်တဲ့အဖွဲ့က ကျမတို့ဆီက လိမ်လိုက်လို့ ရသွားတဲ့ ယွမ် ၂ ထောင်ကနေ အဖွဲ့စုံကို တစ်ဝက်ပေးရတယ်လို့ ပြောနေကြတာပဲ။ ကိုယ့်မြို့ကိုယ့်ရွာမှာ မနေနိုင်လို့ မူဆယ်တက်လာကြတာလေ။ ဒါကို ရဲတွေက ကိုယ်ချင်းစာစိတ် မရှိဘူး။ သူတို့ကပါ ဝိုင်းလိမ်ပေးနေကြတာ”လို့ မူဆယ်ဖက်ရောက်နေတဲ့ ဧရာဝတီတိုင်း ကျုံပျော်မြို့က မိန်းကလေးတစ်ဦးက ပြောပါတယ်။
အဆိုပါ နန်းတော်ဂိတ်မှာ ရာဇဝတ်မှု ပပျောက်ရေးအတွက် နယ်ရဲ၊ SB၊ CIDနဲ့ လူကုန်တားရဲစတဲ့ (အဖွဲ့စုံ) ရှိပေမဲ့ SB၊ CIDနဲ့ လူကုန်တားရဲတွေကိုယ်တိုင်က လူလိမ်ပွဲစားတို့နဲ့ ပူးပေါင်းပြီး လုပ်စားနေကြောင်း စုံစမ်းသိရှိရပါတယ်။
အလုပ်သမားခေါ်စာအတုနဲ့ တရုတ်ပြည်မှာ အလုပ်သွားလုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ဘက်ကနေ မူဆယ်မြို့ကို ပြန်ပို့ခံခဲ့ရတာတွေလည်း ရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တရုတ်ဖက်ဝင်သွားတဲ့ ကျမတို့ မြင်းခြံအနောက်ဖက် ကိုင်း(မြောက်)ရွာက လူ(၁၉)ယောက်ကို တရုတ်က ခေါ်စာအတုမို့ လက်မခံဘဲ မူဆယ်ဘက်ကို ပြန်ပို့လိုက်တယ်။ အဲအချိန်မှာ နန်းတော်ပေါက်မှာ ရဲတွေရှိတယ်။ ၁၉ ယောက်လုံး ဘာမှ မလုပ်တတ်လို့ ရဲတွေကို အကျိုးအကြောင်းသွားပြောတော့ ရဲက ဘာမှ မလုပ်ပေးဘူး။ ခဏကြာတော့ ပြည်သူ့စစ်တွေ ရောက်လာပြီး ကားနဲ့ သူတို့ကို ခေါ်သွားတယ်။ အခုချိန်ထိ အဆက်အသွယ်လုပ်လို့ မရဘူး။ ဖုန်းတွေလည်း ပိတ်ထားတယ်။ နန်းတော်က လဝကအရာရှိတွေကို သွားပြောတော့ စခန်းမှာ အမှုဖွင့်ဖို့ပြောတယ်။ ကျမတို့လည်း ပြည်သူ့စစ်တွေကို ကြောက်လို့ အမှုမဖွင့်ရဲဘူး”
ဒါ့အပြင် နန်းတော်ပေါက်ဂိတ်မှာလည်း တရုတ်ပြည်ဘက်ကို အလုပ်ခေါ်စာနဲ့ အလုပ်သွားလုပ်မဲ့ မြန်မာနိုင်ငံသားတွေကို မူဆယ်လူကုန်တား ရဲတပ်ဖွဲ့က တစ်ဦးကို ယွမ် ၁၀၀ နဲ့ နေ့စဉ်ကောက်ယူနေတာဖြစ်တယ်လို့ ပြောပါတယ်။
တရုတ် – မြန်မာနယ်စပ် နှစ်နိုင်ငံ ဖြတ်သန်းသွားလာခွင့် တစ်နှစ်သက်တမ်းရှိတဲ့ TBP စာအုပ်အနီကို မူဆယ်မြို့နယ်နဲ့ နမ့်ခမ်းမြို့နယ်က အိမ်ထောင်စုရှိတဲ့ သူတွေကသာ လုပ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။