ပျားကြီး၊ နိုဝင်ဘာ ၁၇ ရက်၊ ပေါက်
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၄၀ ကျော်က ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်း ၄ ကြောင်းနဲ့ ပေါက်မြို့နယ်ထဲကို ဝင်ရောက်စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒေသခံတွေရှိနေနိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတာဖြစ်ပါတယ်။
“လေယာဥ်နဲ့ ဗုံးကြဲတာက ဗုံးခိုကျင်းထဲ ဆင်းပြေးလို့ ရသေးတယ်။ အခုက မြေပြင်ကနေပါ စစ်ကြောင်းထိုးလာတာဆိုတော့ အကုန်ပြေးရတာပေါ့။ တောတိုက် (ယာတော)တွေမှာ တောင်မနေရဲလို့ တောတောင်တွေထဲ အထိဝင်ပြေးနေရတာ” လို့ ပေါက်မြို့နယ်အနောက်ပိုင်းက ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ကျေးရွာပေါင်း ၄၂ ရွာက ဒေသခံ ၃ သောင်း ၅ ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး ရာသီဥတု အေးလာမှုကြောင့် အမိုးအကာ၊ အနွေးထည်နဲ့ စောင်တွေ အဓိကလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပေါက်မြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်မ ၉၉ က အင်အား ၁၅၀ ဝန်းကျင်ပါဝင်တဲ့ စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ယောချောင်းအတွင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေ အထိနာခဲ့ရတဲ့အတွက် အခုလို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။