လွေးဇွန်မိုး၊ ဩဂုတ် ၉ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ထဲ ဓားပြ လိုက်တိုက်ပြီး လူသတ်နေတဲ့ ဓားပြအဖွဲ့တစ်ခုကို နမ့်ခမ်းမြို့မ(၂) ပြည်သူ့စစ်အဖွဲ့က ဖမ်းမိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်မှာ မင်္ဂလာမူဆယ် လမ်းမပေါ်ရှိ ဟော်မုန်းဟိုတယ်ကို ဓားပြ လာတိုက်တဲ့ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသား ၃ ဦးကို နမ့်ခမ်းမြို့မ(၂) ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးမိခဲ့တာလို့ ဖြစ်စဉ်သိရှိသူ မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“တောင်ပေါ်ဘုရားမှာ ဓားပြတိုက်ခဲ့တဲ့အဖွဲ့တစ်ခုကို ဖမ်းမိတယ်။ သူတို့ကို ဟော်မုန်းဟိုတယ်မှာ ဖမ်းမိတာ။ သူတို့က ဟောမုန်းဟိုတယ်ကို ဓားပြ လာတိုက်မလို့လေ။ အဲမှာ ဖမ်းမိသွားတာ။ ဖမ်းမိပြီး ပြန်စစ်ဆေးကြည့်တော့ တောင်ပေါ်ဘုရားမှာ ဓားပြတိုက်ပြီး ဓားနဲ့ခုတ်ခဲ့တာလည်း သူတို့အဖွဲ့ပဲတဲ့။ ပြီးတော့ ဟိုတခါတုန်းက ကောင်မလေးတစ်ယောက်ကို ဓားပြတိုက်ပြီး ဓားနဲ့ ခုတ်သတ်လိုက်တာကလည်း သူတို့အဖွဲ့ပဲတဲ့”
ဓားပြအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် မနက် ၉ နာရီဝန်းကျင်က မူဆယ်မြို့ တောင်ပေါ်ဘုရားမှာ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးကို ဓားပြ တိုက်ခဲ့ပြီး ဓားနဲ့ ခုတ်သတ်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။
အဲဒီ ဓားပြအဖွဲ့ဟာ ၄ ဦးရှိပြီး လက်ရှိမှာတော့ ၃ ဦးကို ဖမ်းမိထားပြီး ကျန်တဲ့တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းမိထားတဲ့ အမျိုးသား ၃ ဦးကိုတော့ ပြည်သူ့စစ်အဖွဲ့က ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်မှာ ပစ်သတ်လိုက်ပြီး ကျန်တဲ့တစ်ဦးကိုတော့ လိုက်လံ ရှာဖွေနေဆဲ ဖြစ်တယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။
“၁ ရက်နေ့ ညမှာ ၂ ယောက် အရင်ဖမ်းမိတာ။ နောက်နေ့မနက်မှ နောက်တစ်ယောက် ပြန်ဖမ်းမိတာ။ တစ်ယောက်ကတော့ လွတ်နေဆဲပဲ။ ဖမ်းမိတဲ့သူတွေကိုတော့ ပစ်သတ်လိုက်ပြီထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြန်စစ်ကြည့်တော့ သူတို့အဖွဲ့က ဓားပြတိုက်ရင် လူကိုလည်း ဓားနဲ့ခုတ်သတ်ခဲ့လို့လေ။ အဲကြောင့်မို့ ပြည်သူ့စစ်တွေကလည်း သူတို့ကို ပစ်သတ်တာ နေမှာပေါ့”
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက် မနက်မှာလည်း မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်မှာ ဆိုင်ကယ် မောင်းလာတဲ့ အမျိုးသမီးတစ်ဦးကို ကား စီးလာတဲ့ အမျိုးသား ၃ ဦးက ဆိုင်ကယ်ပေါ်ကနေ ဆွဲချပြီး ပြန်ပေးဆွဲသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၄ ရက်ကလည်း မူဆယ်မြို့ ဟူမွန်ရပ်ကွက် ပီတိလက်ဖက်ရည်ဆိုင်ရှေ့က လမ်းမပေါ်မှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး၂ ဦးတို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။