မိုင်းအရှိုင်း၊ ဇူလိုင် ၁၈ ရက်၊ ကျောက်မဲ
PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အနီးရှိ ကြူရှောမြောက်ရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
ဒီနေ့ ဇူလိုင် ၁၈ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး ၃ လုံး လာရောက်ကြဲချခဲ့တာဖြစ်ပါတယ်။
ရွာခံတစ်ဦးက “ရွာထဲ တစ်လုံးလာကြဲပြီး မကြာဘူး လေယာဥ်ပြန်လှည့်လာပြီး ဆက်ကြဲတာ။ တော်သေးတယ် သူများတွေလက်ဖက်ခူးသွားနေလို့။ မနေ့လို ဥပုသ်နေ့ဆိုရင် တကယ်မတွေးရဲဘူး။ ကျောင်းတက်နေတဲ့ကလေးတွေလည်း အကုန်ထွက်ပြေးကြပြီ” လို့ ပြောပါတယ်။
အဲဒီကြဲချခဲ့တဲ့ ဗုံးသုံးလုံးက နေအိမ် သုံးအိမ်ကို ထိမှန်ပြီး နေအိမ်တစ်လုံးကတော့ လုံးဝပျက်စီးသွားသလို အိမ်မှာကျန်ရှိနေတဲ့ လူမမာ အဖိုးအိုတစ်ယောက်ရဲ့ နဖူးကို ကျည်စ ထိမှန်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၄ ရက်ကနေ ဒီနေ့ ဇူလိုင် ၁၈ ရက်အထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၈ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကျောက်မဲဒေသခံ ၈ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။