မိုင်းအရှိုင်း၊ ဇူလိုင် ၁၆ ရက်၊ နောင်ချို
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့တွင်းအထိ စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး TNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
“နောင်ချိုမြို့ထဲ စကစတွေ ရောက်လာကြပြီ။ အခုထိ ပစ်နေတုန်းပဲ။ အခု မြို့ထဲ ရွာသားတွေ တစ်ယောက်မှ ဝင်လို့မရတော့ဘူး” ဆိုပြီး သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ လော်ဘီချန်နယ်တွေကတော့ နောင်ချိုမြို့အားလုံးကို စစ်ကောင်စီတပ်က သိမ်းပိုက်လိုက်ပြီးလို့ ဓာတ်ပုံနဲ့ တကွ ဒီနေ့ ဇူလိုင်လ ၁၆ ရက် မနက်အစောပိုင်းမှာ ဖော်ပြထားကြပါတယ်။
“အုမ္မတီး၊ အုမ္မခါးမှာ အခု ချနေတုန်း။ မြို့ထဲ အခြေအနေတော့ ကောင်းကောင်းမသိရသေးဘူး” လို့ နောက်ထပ် ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
နောင်ချိုမြို့ပြင် အုမ္မတီး၊ အုမ္မခါးကျေးရွာဘက်တွေမှာလည်း ဒီနေ့ ဇူလိုင် ၁၆ ရက်မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
နောင်ချိုမြို့ထဲကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်တွေဟာ ၁၈ မိုင် အကွာအဝေးရှိတဲ့ တောင်ခမ်းကနေတက်လာတဲ့ စစ်ကြောင်းတွေဖြစ်ပြီး အင်အားထောင်ချီ၊ လက်နက်မျိုးစုံနဲ့ ၇ လကျော်အကြာ ထိုးစစ်ဆင်ပြီး အခု မြို့တွင်းထဲ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။