လွေးဇွန်မိုး၊ စက်တင်ဘာ ၂၉ ရက်၊ ကျောက်မဲ
တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး အလုံး ၃၀ နဲ့ အဆိပ်ငွေ့ဗုံး ၃ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ် TNLA က ထုတ်ပြန်ထားပါတယ်။
မနေ့ စက်တင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီဘက်က လုံဝယ်ကျေးရွာထဲကို အဆိပ်ငွေ့ဗုံးတွေ လာရောက်ကြဲချခဲ့ပြီးနောက် လုံဝယ်ကျေးရွာထဲကို ဝင်ရောက်လာပြီး ရွာအတွင်းက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဆိပ်ငွေ့ဗုံးကြဲချမှုကြောင့် TNLA တပ်သားတွေ မူးဝေတာ၊ အော့အန်တာ၊ မအီမသာဖြစ်တာ၊ မောပန်းတာနဲ့ အသက်ရှူမြန်တဲ့လက္ခဏာတွေ ခံစားရပြီး လက်ရှိမှာ တပ်ဖွဲ့ဝင် ၃ ဦး ဆေးကုသမှုခံယူနေကြရတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ တိုက်ပွဲအခြေအနေနဲ့ပတ်သတ်ပြီး ရှေ့တန်းစစ်မြေပြင်မှာရှိတဲ့ သတင်းအရင်းအမြစ်တစ်ဦးက “အခုက မိုးကုတ်သွားတဲ့လမ်းမှာရှိတဲ့ မိုင်းတင်ဘက်ကို ထိုးနေတာ။ ကျောက်မဲနဲ့လည်း နီးနေပါပြီ။ ခိုမုန်းအနီးရောက်နေပြီ” လို့ပြောပါတယ်။
အလားတူ ဒီနေ့ စက်တင်ဘာ ၂၉ ရက် နေ့လည် ၁ နာရီခွဲဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က ကျောက်မဲမြို့အနီးရှိ ခိုမုန်းကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ပါတယ်။
ကျောက်မဲမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြ ကျောက်မဲမြို့ကို လက်မလွှတ်ရရေး တအာင်းတပ်ဘက်က လက်ရှိအချိန်အထိ ခုခံနေဆဲ ဖြစ်ပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။