မိုင်းရူပ၊ စက်တင်ဘာ ၂၄ ရက်၊ ကျောက်မဲ
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းတင်းအုပ်စု ပင်တီးကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ စက်တင်ဘာ ၂၄ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ပင်တီးကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ကျောက်မဲမြို့နဲ့ ၁၀ မိုင်ဝန်းကျင်အကွာ နားအိုက်ခန့်ကျေးရွာအနီးတဝိုက်မှာတော့ စစ်ကောင်စီတပ်နဲ့ TNLA တပ်အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်က ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“၁ နာရီဝန်းကျင်မှာ ဂျက်နဲ့ ပင်တီးကျေးရွာကို လာကြဲသွားတယ်။ တိုက်ပွဲအခြေအနေကတော့ အခုထိ နားအိုက်ခန့်ရွာအနီးမှာပဲ ဖြစ်နေတယ်။ စစ်ကောင်စီဘက်က ဆက်ထိုးနိုင်တာ မရှိသေးဘူး” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ကျောက်မဲမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်အကြား တိုက်ပွဲပြင်းထန်နေတာ တစ်လကျော် ကြာနေပြီဖြစ်ပြီး TNLA ဘက်ကလည်း ကျောက်မဲမြို့ လက်မလွှတ်ရရေး ဆက်လက်ခုခံနေဆဲ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ကျောက်မဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများတာကြောင့် ကျောက်မဲတိုက်ပွဲကို ကွပ်ကဲနေတဲ့ အမှတ် (၂) အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကို စစ်ကောင်စီဘက်က ရာထူးဖြုတ်ပြီး အရန်အင်အားကို ပို့လိုက်တဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။