ရွှေဖီမြေ၊ အောက်တိုဘာ ၂ ရက်၊ နမ္မတူ
တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ ရပ်ကွက် ၈ ကို စစ်ကောင်စီတပ်က ဒီနေ့မနက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၃ ယောက် ထိမှန်သေဆုံးခဲ့ကာ ကလေးအပါအဝင် ၇ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၂ ရက် မနက် ၇ နာရီကျော်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူ ၃ ဦးထဲ သက်ကြီးပိုင်း အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး ပါဝင်ကြောင်း သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးတဲ့သူတွေဟာ ကျောက်မဲကနေ စစ်ရှောင်လာတဲ့ ဒေသခံလည်း ပါဝင်ပြီး သေဆုံးသူရဲ့ အချက်အလက်ကို ရွှေဖီမြေက စုံစမ်းနေဆဲ ဖြစ်ပါတယ်။
လေကြောင်း တိုက်ခိုက်မှုအတွင်း ၂ ဦးက ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ ဆေးရုံမှာ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။