ပို့လဘား၊ နိုဝင်ဘာ ၁၅ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ တအာင်းတပ် TNLA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ကျောက်မဲမြို့ နယ်မြေ (၃) ထဲမှာ နေထိုင်တဲ့ အသက် ၅၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
“စစ်သားအိမ်လည်း မဟုတ်ဘူး။ TNLA တွေကို ထောက်ပို့တယ်ဆိုပြီး နေအိမ်လာချိတ်ပိတ်တယ်။ သူတို့ အဲဒီနယ်မြေထဲမှာ နေအိမ် ၄ အိမ်လာချိတ်ပိတ်သွားရင်းနဲ့ အဲဒီမှာရှိတဲ့ အစ်မတစ်ယောက်ကို ဖမ်းသွားတယ်။ အခုချိန်ထိ ပြန်လွှတ်လာပေးတာ မရှိသေးဘူး”
ဒါ့အပြင် TNLA အမှတ်အသားဖြစ်တဲ့ တံဆပ်၊ အလံ၊ ပြက္ခဒိန်၊ တအာင်းထီလက်မှတ်၊ ဓာတ်ပုံ စတဲ့ပစ္စည်းတွေကို တွေ့ရှိရင်လည်း TNLA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကစပြီး ငြိမ်းချမ်းရေးကုန်းရှိ လူမနေတဲ့ တအာင်းလူမျိုးအိမ်တွေကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်ပြီး အိမ်အသုံးအဆောင်ပစ္စည်းအပါအဝင် ပရိဘောဂပစ္စည်းတွေကိုလည်း သိမ်းယူနေတာ ရှိတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
ကျောက်မဲမှာ အလားတူဖြစ်စဉ်မျိုး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကလည်း ကျောက်မဲမြို့ပြင် BBB လမ်းခွဲက ဆိုင်ကယ်ပစ္စည်းဆိုင်မှ ဂေါ်ရခါးလူမျိုး ကိုရာဂျန်းဆိုသူကို TNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပါတယ်။
ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ ကျောက်မဲမြို့နယ်မှာ TNLA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ ဒေသခံ ၅ ဦးထက်မနည်း ရှိနေပြီး ချိတ်ပိတ်ခဲ့တဲ့ နေအိမ် ၁၀ နဲ့ချီ ရှိပြီလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာလည်း နေအိမ် ၄၀ ကျော်ကို စစ်ကောင်စီက ချိတ်ပိတ်ထားပြီး မြို့ခံ တချို့ကိုလည်း ဖမ်းဆီးထားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။