ပို့လဘား၊ စက်တင်ဘာ ၁၅ ရက်၊ နောင်ပိန်
ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပိန်ဈေးကို စစ်ကောင်စီတပ်က ပစ္စည်းသိမ်းယူနိုင်ဖို့ မနေ့ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ ဈေးကို ပြန်ဖွင့်ပေးပြီး ဆိုင်တချို့က ပစ္စည်းတွေလည်း ခိုးယူခံနေရတယ်လို့ သိရပါတယ်။
“ပထမသတင်းကြားတာက ပိုင်ရှင်တွေ ပစ္စည်းလာသယ်လို့ရပြီလို့ ရွာထဲရှိတဲ့လူကပြောလာတယ်။ သူ့ဆိုင်ကိုယ့်ဆိုင်မဟုတ်ဘဲနဲ့ တစ်ချို့ကဝင်ယူနေကြတာ။ ကိုယ့်ပစ္စည်းမဟုတ်ပဲ အတင်းသယ်ယူနေကြတာတွေအများကြီးပဲ” လို့ နောင်ပိန်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
နောင်ပိန်ရွာထဲက လူနေအိမ်နဲ့ ဈေးဆိုင်တစ်ချို့ဟာ လက်နက်ကြီးထိလို့ ထိခိုက်ပျက်စီးခဲ့တာရှိသလို တစ်ချို့နေအိမ်နဲ့ ဈေးဆိုင်တွေကိုတော့ သူခိုးတွေ ဝင်ရောက်ခိုးယူထားတာတွေ ခံနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတိုက်ပွဲကြောင့် နောင်ပိန်ကျေးရွာခံတွေအပါအဝင် အနီးအနားရှိ ဒေသခံ ၁ သောင်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်၁၉ ရက်မှာ စစ်ကောင်စီတပ်က ကျောက်မဲမြို့နယ် ထန်းတပင်ကျေးရွာကနေ နောင်ပိန်ကျေးရွာကို ထိုးစစ်ဆင်လာတာ ဖြစ်ပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ နောင်ပိန်ကျေးရွာကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
နောင်ပိန်ကျေးရွာကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် တအာင်းတပ် TNLAထိန်းချုပ်ထားတဲ့ ခိုက်တုန်ဟုန်းရွာဘက်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။