မိုင်းပန်ပျော်၊ မေလ ၁၉ ရက်၊ လားရှိုး
တရုတ်အကူအညီနဲ့ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်လိုက်တဲ့ ရှမ်းမြောက် လားရှိုးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံး(လဝက)ကို စစ်ကောင်စီက ပြန်ဖွင့်ပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ မေလ ၁၉ ရက်မှာ စစ်ကောင်စီက လဝကရုံး ပြန်ဖွင့်လိုက်တာလို့ လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တရားဝင် ရုံးဖွင့်တာတော့ ဒီနေ့မှဖွင့်တာ။ လဝကရုံးကိုတော့ သန့်ရှင်းရေးတွေဘာတွေ လုပ်တာ တံခါးဖွင့်ပြီး ရုံးထဲ ဝင်နေတာတော့ တစ်ပတ်လောက် ရှိပြီ”
ဒါ့အပြင် လာမယ့် မေလ ၂၅ ရက်ကစ လားရှိုးမြို့ထဲ ကျောင်းအပ် လက်ခံပြီးတော့ လာမယ့် ဇွန်လ ၁ ရက်မှာ စာသင်ကျောင်း ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောဆိုထားပါတယ်။
တရုတ်အကူအညီနဲ့ စစ်ကောင်စီဟာ လားရှိုးမြို့ထဲ ဝင်လာပြီးနောက် လားရှိုး ပြည်သူ့ဆေးရုံအပါအဝင် စည်ပင်လုပ်ငန်း လုပ်ဆောင်နေပြီး လားရှိုးလေဆိပ်၊ လဝကရုံး စတာတွေကို ဖွင့်လှစ်ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဟောင်းတွေကိုလည်း ခေါ်ယူကာ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။