မိုင်းအရှိုင်း၊ မေလ ၁၀ ရက်၊ နောင်ချို
တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာဘက်ကနေ စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်း ထိုးတက်လာနေသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်က ရွှေဖီမြေကို ပြောပါတယ်။
အပစ်ရပ်မယ် ကြေညာထားတဲ့ စစ်တပ်က ဒီနေ့ မေလ ၁၀ ရက်မှာ TNLA ရှိရာ ဆမ္မဆယ်ရွာကို လေကြောင်း တိုက်ခိုက်မှုနဲ့ မြေပြင်စစ်ကြောင်း ထိုးတက်လာတာကြောင့် ထိပ်တိုက် တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
“ဒီနေ့ ဆမ္မဆယ်ရွာ လေယာဉ်ကနေ နှစ်လုံး လာချတယ်နော်။ ကျနော်တို့လည်း ပွဲဖြစ်လိုက်ရသေးတယ်။ ခွေးတွေ ထိုးလာတယ်။ ဖြေးဖြေးရှင်းသွားနေတုန်းပါ”
ဒါ့အပြင် ဒီနေ့ညနေ ၄ နာရီကျော်မှာလည်း နောင်ချို့မြို့ ဘူတာရပ်ကွက်နဲ့ အုမ္မတီးရွာကို လေကြောင်းနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ မေလ ၆ ရက်ကနေ ၃၁ ရက်အထိ အပစ်အခတ် ရပ်စဲရေးကာလ ထပ်မံ တိုးမြှင့်ကြောင်း ကြေညာခဲ့ပေမဲ့ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ကို လေကြောင်း တိုက်ခိုက်မှုနဲ့ မြေပြင်စစ်ကြောင်း ထိုးတာတွေအပြင် ဒရုန်း၊ အဆိပ်ငွေ့ဗုံးနဲ့ နေ့စဉ် တိုက်ခိုက်နေပါတယ်။