လွေးဇွန်မိုး၊ နိုဝင်ဘာ ၁၂ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ်မှာ တအာင်းတပ်- TNLA အပြင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုပြီး နောက်ထပ် အမျိုးသားတစ်ဦး ထပ်မံ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
မနေ့ နိုဝင်ဘာ ၁၁ ရက်က ကျောက်မဲမြို့ပြင် BBB ဆိုင်လမ်းခွဲက ဆိုင်ကယ်ပစ္စည်းဆိုင်မှ ဂေါ်ရခါးလူမျိုး ကိုရာဂျန်းဆိုသူကို စစ်တပ်က ဖမ်းဆီးသွားခဲ့တာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“မြို့ပြင်လမ်းခွဲ BBB ဆိုင်လမ်းခွဲ ဆိုင်ကယ်ပစ္စည်းဆိုင်က ဂေါ်ရခါးကို ထပ(ထောက်ပို့)ဆိုပြီး နပတ (နေပြည်တော်)က လာဖမ်းတာတဲ့”
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်မှာလည်း TNLA အုပ်ချုပ်စဉ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန် ယူခဲ့တဲ့ ကျောက်မဲမြို့ ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူးနဲ့ ကိုပြူးဆိုသူကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
အောက်တိုဘာ ၂၆ ရက် နေ့လယ်မှာလည်း ရပ်ကွက်(၆) အုပ်ချုပ်ရေးမှူးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးအပတ်ကစပြီး ကျောက်မဲမြို့တွင်းက နေအိမ်တချို့ကို TNLA နဲ့ ဆက်စပ်မှု ရှိတယ်ဆိုပြီး ချိတ်ပိတ်တာတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ ကျောက်မဲမြို့ထဲ ချိတ်ပိတ်ခံရတဲ့ နေအိမ် ၇ အိမ်ထက်မနည်းရှိပြီး ဖမ်းဆီးခံရသူ ၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။
အလားတူ စစ်တပ် ပြန်လည်ထိန်းချုပ်တဲ့ သီပေါမြို့မှာလည်း TNLA နဲ့ ဆက်စပ်တယ်ဆိုပြီး ဒေသခံ အမျိုးသား ၂၅ ဦးနဲ့ အမျိုးသမီး ၁၀ ဦးတို့ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ဆိုင်ခန်းနဲ့ နေအိမ် ၉၀ ကျော်ကိုလည်း ချိတ်ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။