ပို့လဘား၊ ဩဂုတ် ၂၀ ရက်၊ နောင်ပိန်
နောင်ချိုမြို့နယ်ကနေ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ရွာဘက် စစ်တပ်က လက်နက်ကြီးနဲ့ ထပ်မံ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒီနေ့ ဩဂုတ် ၂၀ ရက် မနက် ၅ နာရီဝန်းကျင်မှာ နောင်ပိန်ရွာဘက် စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နောင်ပိန်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“နောင်ပိန်မှာ အခု ရွာသူရွာသားတွေ အကုန်နီးပါး ထွက်လာကြပြီ။ သုံးပုံကို နှစ်ပုံကျော်ကျော်လောက် ထွက်နေပြီ။ လပ္ပါရွာမှာ ဗုံးကျတော့ အဲရွာကသူတွေလည်း ထွက်လာကြပြီ။ သူတို့ ဒရုန်းနဲ့လက်နက်ကြီးတွေ ပစ်တာ ဒီမနက် ၅ နာရီအထိပဲ။ အခု နောင်ပိန်အခြေအနေလည်း အနီရောင်အဆင့် ရောက်နေပြီ”
မနေ့ ဩဂုတ် ၁၉ ရက်ကလည်း စစ်တပ်က ဒရုန်းနဲ့လက်နက်ကြီး ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နောင်ပိန်ရွာခံတွေအပြင် ဇီးပင်၊ ပင်ပေါ၊ ပင်တိန်၊ ပင်တီး၊ ကျောင်းကုန်း၊ ဖီသစ်၊ ခေးနင်းနဲ့ လွယ်ကုန်က ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နောက်ထပ် အမျိုးသားတစ်ဦးက ပြောဆိုပါတယ်။
“တစ်ညလုံး ဆူညံနေတာပဲ။ ဒရုန်းတွေရော လက်နက်ကြီးတွေရော လေယာဉ်တွေရော ဘာအသံတွေမှန်းလည်း မခွဲခြားတတ်တော့ဘူး။ တစ်ညလုံး အသံကိုက မနားဘူး။ ဒီမနက် အကုန်ရှောင်ကုန်ကြပြီ”
ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက် နေ့လယ်ပိုင်းကစပြီး နောင်ချိုမြို့ကနေ နောင်ပိန်အနီးရှိ လုံကြိမ်နဲ့ ကျောင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။