မိုင်းရူပ၊ ဇူလိုင် ၂၈ ရက်၊ ကျောက်မဲ
နောင်ချိုမြို့နယ်ကနေ တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အနီး နောင်ပိန်ကျေးရွာဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒီနေ့ ဇူလိုင် ၂၈ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ နောင်ပိန်ကျေးရွာဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ၃ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်မဲဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“လက်နက်ကြီးနဲ့ ပစ်လာတာ ၃ လုံးလောက်ရှိတယ်။ လက်နက်ကြီးနဲ့ ပစ်နေလို့ ရွာထဲမှာ မနေရဲလို့ တချို့ ပြန်ပြေးနေကြပြီ” လို့ ဆိုပါတယ်။
နောင်ချိုတိုက်ပွဲကြောင့် နောင်ပိန်ကျေးရွာမှာ စစ်ရှောင်လာသူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးရန်ကြောင့် ပြန်လည် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာလည်း ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၆ ရက် တစ်ရက်တည်းမှာပင် စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့နယ်ကနေ ပန်ပေါင်းကျေးရွာထဲကို အသေခံဒရုန်း ၃ ဦးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။