လွေးလာဝ်ဇာရ်၊ ဖေဖော်ဝါရီ ၄ ရက်၊ လားရှိုး
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ဟက်ကာရွာအနီးမှာ ဖွင့်လှစ်နေတဲ့ လောင်းကစားဝိုင်းကို ပိတ်သိမ်းပေးဖို့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမြို့နယ် ဟက်ကာရွာက နွားသတ်ရုံအနီးဝန်းကျင်မှာ ဖွင့်လှစ်ထားတဲ့ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ဖဲဝိုင်းမျိုးစုံကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ပြန်လည်စတင်ဖွင့်လှစ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“၂၀၂၄ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်နေ့ကနေ နှစ်ကုန်ထိဖွင့်တယ်။ ခဏပြန်ပိတ်ပြီးတော့ ပြီးခဲ့တဲ့ ၁ လပိုင်း ၇ ရက်နေ့လောက်ကနေ ပြန်စဖွင့်နေပါတယ်။ နေ့စဥ် ဝိုင်းလို လုပ်တာပါ။ တရုတ်နှစ်သစ်ကူးကာလက ၁၀ ရက်နေ့လောက်မှ စမှာပါ။ လောင်းကစားဝိုင်းကတော့ ဖွင့်တာကြာပါပြီ” လို့ ပြောပါတယ်။
လောင်းကစားဝိုင်းအပြင် မူးယစ်ဆေးဝါးတွေကိုပါ ပေါ်ပေါ်တင်တင် အရောင်းအဝယ် လုပ်နေပြီး သုံးစွဲနေတဲ့သူတွေလည်း ပေါများလာတယ်လို့ သူက ဆက်ပြောပါတယ်။
“တရားမဝင် လောင်းကစားတွေ ဖွင့်လှစ်နေလို့ မူးယစ်ဆေးဝါးတွေကို အလွယ်တကူ သုံးစွဲရောင်းဝယ်နေကြတာ။ ဒေသခံတစ်ယောက်အနေနဲ့ အမှန်တကယ် မြင်တွေ့နေရတယ်။ အဲဒါတွေကြောင့် ဒေသခံပြည်သူတွေရဲ့ လုံခြုံရေး၊ လူငယ်တွေရဲ့ အနာဂတ်ကို အလွန်ထိခိုက်စေတဲ့ ကိစ္စလည်းဖြစ်တယ်။ အဲလောင်းကစားဝိုင်းက ကိုးကန့်အဖွဲ့ဘက်ကလည်း တရားဝင်ခွင့်ပြုထားတာ မဟုတ်ဘူးလို့လည်း သိရတယ်” လို့ ပြောပါတယ်။
လောင်းကစားဝိုင်းတွေကြောင့် လက်ရှိ လားရှိုးမြို့မှာ ဆိုင်ကယ်လုယက်တာတွေ၊ ကားလုယက်မှုတွေ၊ ဓားပြတိုက်မှုတွေနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်ပွားနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“အဓိက လောင်းကစားဝိုင်းတွေကြောင့်ဘဲ လားရှိုးမှာ ခိုးမှုတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ နေတိုင်းလိုလို ဓားပြတိုက်မှုတွေ ဖြစ်လာတယ်။ ဒါကြောင့် ရှိသမျှ လောင်းကစားဝိုင်းတွေ အကုန်ပိတ်သိမ်းစေချင်တယ်” လို့ ပြောပါတယ်။
တရားမဝင် လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်မှုတွေကို အမြန်ဆုံး စစ်ဆေးအရေးယူပေးပြီး ပိတ်ပင်တားဆီးပေးစေလိုကြောင်းကို ဒေသခံတွေက တောင်းဆိုထားပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရပြီး မြို့ပြင်တွေကိုတော့ ကိုးကန့်တပ်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။