ပို့လဘား၊ ဧပြီ ၅ ရက်၊ လားရှိုး

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီထံ လွှဲပြောင်းပေးသွားမှာ ဖြစ်တဲ့အတွက် ပုံမှန်လည်ပတ်နေပြီဖြစ်တဲ့ ပြည်သူ့ဆေးရုံကြီးကို လာမယ့် ဧပြီ ၂၀ ရက်မှာ ပိတ်တော့မှာ ဖြစ်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ ပြည်သူ့ဆေးရုံက ပစ္စည်တွေကို ရွှေ့ပြောင်းနေပြီး ကျန်းမာရေးဝန်ထမ်းကလည်း လားရှိုးမြို့ကနေ စတင်ပြောင်းရွှေ့သွားကြပြီ ဖြစ်တယ်လို့ လားရှိုးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ဆေးရုံတော့ ဘာမှမရှိတော့ဘူး။ ဝန်ထမ်းတွေလည်း အကုန်ရွှေ့‌ကုန်ပြီ။ ပစ္စည်းက သူတို့ မနေ့ကတည်းက ၁၂ ဘီးကားနဲ့ သယ်သွားနေကြတာ။ အခု လားရှိုးမှာ ပညာရေးဝန်ထမ်းနဲ့ အုပ်ချုပ်ရေးတွေပဲ ရှိတော့တာ။ ပညာရေးအပိုင်းလည်း သူတို့စာမေးပွဲ ဖြေပြီးရင် ရွှေ့ကြမယ်ထင်တာပဲ”

လားရှိုးမြို့ရှိ ကိုးကန့်တပ် လက်အောက်ခံ ကျန်းမာရေးဝန်ထမ်းတွေဟာ လားရှိုးကနေ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နဲ့ လောက်ကိုင်မြို့ဘက် ပြောင်းရွှေ့သွားမှာဖြစ်တယ်လို့ အဆိုပါ အမျိုးသားက ပြောဆိုပါတယ်။

လားရှိုးမြို့ကို ကိုးကန့်တပ် သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း CDM ဝန်ထမ်းတွေနဲ့ ဆေးရုံကို ဖွင့်လှစ်ခဲ့ပြီး ပုံမှန်လည်ပတ်တဲ့ အခြေအနေ ရောက်ရှိလာတဲ့ ဆေးရုံလည်း ဖြစ်ပါတယ်။

လားရှိုးမှာရှိတဲ့ ဓာတ်အားခွဲရုံက ထရန်စမော်မာတွေကိုလည်း ကိုးကန့်တပ်က ဖြုတ်ယူသွားခဲ့တယ်လို့ နောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။

“မနေ့က အဲဒီ EPC မှာလည်း စကား များကြတယ်။ အဲဒီ မီးကြိုး၊ ထရန်စဖော်မာတွေ မီတာဘောက်တွေ အကုန်ဖြုတ်ပြီး သယ်သွားကြတယ်။ သူတို့ လိုတဲ့ဟာတွေ အကုန်ဖြုတ်သွားတယ်။ မြို့ခံ ဝန်ထမ်းတွေက လားရှိုးမြို့အတွက်လည်း ထားပေးပါအုံးဆိုပြီး အချင်းချင်း စကားများကြတာပေါ့”

တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုအရ MNDAA ဟာ လားရှိုးမြို့ကို လာမယ့် ဧပြီ တတိယပတ်အတွင်း စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးမှာဖြစ်တယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က စစ်တပ်နဲ့ MNDAA တို့ ကူမင်းမြို့မှာ တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုအရ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက် အပစ်ရပ် သဘောတူညီစာချုပ် တရားဝင် လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်။ ။ဒီနေ့မနက်ပိုင်းက လားရှိုးမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆေးရုံ ပိတ်လိုက်ပြီလို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ပြန်လည် ပြောဆိုလာတဲ့ အချက်အလက်အရ ဆေးရုံ ဖွင့်ထားဆဲ ဖြစ်ပြီး ဧပြီ ၂ဝ ရက်မှ စပိတ်မှာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။