ရွှေဖီမြေ၊ ဧပြီ ၁၈ ရက်၊ လားရှိုး
ဒီနေ့ ဧပြီ ၁၈ ရက်မှာ လားရှိုးမြို့ထဲ စစ်ကောင်စီတပ် ဝင်ရောက်လာနေလို့ လားရှိုး-သီပေါလမ်းကို ယာယီ ပိတ်ထားပြီး လားရှိုးမြို့တွင်းလည်း ပုံမှန်ရက်တွေထက် တိတ်ဆိတ်နေတယ်လို့ လားရှိုးမြို့တွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။
လမ်းပိုင်းကတော့ နောင်မွန်ရွာနဲ့ လားရှိုးကြား ကိုးကန့်တပ်က ပိတ်ထားတာဖြစ်ပြီး ဘယ်အချိန်ထိ ပိတ်မလဲဆိုတာ မသိရသေးပါဘူး။
“လားရှိုးထဲတော့ ဘာမှမတွေ့ဘူး။ ကိုးကန့်ရဲကော စစ်သားကော။ စကစဘက်ကကော ဘာမှမတွေ့ဘူး။ လူတွေလည်း အရင်ရက်ကထက် တိတ်ဆိတ်နေတယ်။ အခုထိတော့ ဘာမှ မထူးသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ် လားရှိုးမြို့ထဲကို နမ့်ပေါင်ဘက်ကနေ စတင်ဝင်ရောက်နေပြီလို့ သတင်းအရင်းအမြစ်တချို့က ပြောဆိုနေကြပေမဲ့ ဘယ်လိုတပ်တွေ ဝင်လာတာလဲဆိုတာကိုတော့ ရွှေဖီမြေက အတည်ပြုချက် မရသေးပါဘူး။
လားရှိုးမြို့တွင်းကနေ ကိုးကန့်တပ် ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက စတင်စွန့်ခွာနေပြီး မနေ့ ဧပြီ ၁၇ ရက်အထိတော့ မြို့ထဲ ကိုးကန့်ရဲတပ်ဖွဲ့ ရှိနေသေးပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ ဧပြီ ၂၁ ရက်နောက်ဆုံးထားကာ လားရှိုးမြို့ကနေ ထွက်ခွာရမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက် လည်ပတ်မှာ ဖြစ်ကြောင်း သတင်းထွက်နေပါတယ်။
လားရှိုးအရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီရော ကိုးကန့်တပ်ဘက်က တရားဝင် ထုတ်ပြောတာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။