ပို့လဘား၊ ဇူလိုင် ၁၀ ရက်၊ မူဆယ်
ရှမ်းမြောက် မူဆယ်မြို့မှာရှိတဲ့ တော်ရွက်ရပ်ကွက်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မနေ့ ဇူလိုင်လ ၉ ရက် မနက် ၆ နာရီဝန်းကျင်မှာ တောင်ပြိုမှုဖြစ်ပွားပြီး နေအိမ်တစ်လုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“အိမ်ကလည်း ရစရာကိုမရှိတော့တာ။ မနက်က တောင်ပြိုတဲ့အချိန်မှာ သူတို့မိသားစု ၃ ယောက် ရှောင်နိုင်လို့ ဘာမှမဖြစ်ဘူး။ အိမ်ကတော့ နေလို့မရတော့ဘူး။ မြေပြိုပြီး အကုန်ပိတော့တာ” လို့ ဆိုပါတယ်။
ဒါ့အပြင် မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်၊ ဟိုနားရပ်ကွက်၊ စက်မှုဇုန်ရပ်ကွက်၊ စွမ်စော်ရပ်ကွက်တို့နဲ့ ဆင်ဖြူဂိတ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပြီး ဆိုင်ခန်းတစ်ချို့တွေမှာလည်း ရေဝင်ရောက်လာတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“မနက်ကရွာတဲ့ မိုးပေါ့။ တောက်လျှောက်ရွာတာပဲ။ နားလိုက်ရွာလိုက်နဲ့ မြို့ပေါ်ရပ်ကွက်မှာ ကုန်းကျတော့ မိုးရွာနေတဲ့အချိန်မှာ ရေတွေက လမ်းပေါ်မှာ အကုန်လျှံနေတယ်။ ဟိုဘက်ရပ်ကွက်တွေကျ အနိမ့်တွေဆိုတော့ အခုထက်ထိ ရေကမကျဘူးပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကလည်း ညီနောင်မဟာမိတ်ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ် ကျင်စန်းကျော့ဘက်မှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး တစ်ချို့နေအိမ်နဲ့ ဆိုင်ခန်းတွေ ရေထဲနစ်မြှုပ်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။