မိုင်းအရှိုင်း၊ ဩဂုတ် ၃၀ ရက်၊ ကျောက်မဲ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် ပန်သပြေကျေးရွာ ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာလေးတစ်ပါးအပါအဝင် အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပြီး ၆ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
မနေ့ ဩဂုတ် ၂၉ ရက် ည ၁၀ နာရီမှာ ပေါင် ၂၅၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ကျေးရွာခံတစ်ယောက်က “နေအိမ် ၄ လုံး၊ ဘုန်းကြီးကျောင်း၊ ဇရပ်တွေလည်း ပျက်စီးသွားတယ်။ သေသွားတာက ညီအစ်မနှစ်ယောက်။ ဦးဇင်း ၂ ပါး၊ ကိုရင် ၃ ပါးနဲ့ အရပ်သားတစ်ယောက် ထိသွားတယ်” လို့ ဆိုပါတယ်။
သေဆုံးသူထဲက ဆရာလေးဟာ အသက် ၄၀ နှစ်အရွယ် ယာအေးအေးဖြစ်ပြီး သူ့ရဲ့အစ်မဖြစ်သူ အသက် ၄၃ နှစ်အရွယ် ယာအေအွလည်း သေဆုံးသွားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်မှာလည်း ကျောက်မဲမြို့နယ် ကွမ်စလန်းရွာ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ယောက် သေဆုံးခဲ့ပြီး ကိုရင် ၂ ပါး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဩဂုတ်လအတွင်း ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၄၇ ဦး သေဆုံးခဲ့ပြီး ၂၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။