ရွှေဖီမြေ၊ ဇန်နဝါရီ ၂၅ ရက်၊ ကျောက်မဲ
ဒီနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီခွဲခန့်မှာ အရပ်သားတွေ ဆေးကုသနေတဲ့ ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံပေါ် ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချခဲ့ရာ ဆေးကုသပေးနေတဲ့ CDM ဆရာမနဲ့ ဆေးရုံတက်နေသူအပါအဝင် အနည်းဆုံး ၂ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ကြောင်း ကနဦး သိရပါတယ်။
ဗုံးကြဲချမှုကြောင့် ကလေးကုသဆောင်၊ အရေးပေါ်ဆောင်၊ လူနာလက်ခံဆောင်နဲ့ ဆေးရုံတစ်ခုလုံးနီးပါး ထိခိုက်ပျက်စီးပြီး ဆေးကုသနေသူ အများစုလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။
“၁ နာရီ ၂၅ မိနစ်မှာ တစ်လုံး။ ၂ နာရီခွဲမှာတစ်ခါ ကြဲချသွားတာ။ လူတွေအကုန်လုံး ဆေးရုံထဲမှာ ရှိနေတုန်း ကြဲချသွားတာ” လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူကို လူမှုကူညီရေးအသင်းနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူက ကယ်ထုတ်ခဲ့ကြပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ များနေတာကြောင့် စာရင်းအသေးစိတ် မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၃၀ ရက်မှာလည်း ကျောက်မဲမြို့ထဲက အင်ကြင်းတောင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာတော်အပါအဝင် ၁၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာ ရခဲ့ပါတယ်။