မိုင်းရူပ၊ အောက်တိုဘာ ၁၅ ရက်၊ လားရှိုး
၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်မတော်- MNDAA က ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၅၀ နီးပါးကို ကိုးကန့်တပ်က ပြန်လွှတ်ပေးခဲ့ပြီး လားရှိုးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၄၆ ဦးကို မနေ့ အောက်တိုဘာ ၁၄ ရက် နေ့လည်ပိုင်းမှာ ကိုးကန့်တပ်က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ စစ်ဆေးရုံမှာ ပို့ဆောင်ပေးခဲ့ပါတယ်။
” မနေ့ ကိုးကန့်တွေကိုယ်တိုင် စစ်ဆေးရုံမှာ လာပို့သွားတာ။ ၄၆ ယောက်လာပို့သွားတာ။ ဘာအပေးအယူ လုပ်မလဲတော့မသိဘူး။ အကြီးပိုင်းထဲက ထင်တယ်” လို့ လားရှိုးမြို့ စစ်ရေးသတင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမြို့ကို MNDAA က စစ်ကောင်စီတပ်ထံ ပြန်လွှဲပြောင်းပြီးနောက် စစ်ကောင်စီရဲ့ စစ်သုံ့ပန်းတွေကို ကိုးကန့်တပ်ဘက်က ပြန်လွှတ်ပေးခဲ့တာတွေ မကြာခဏ ပြုလုပ်နေပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည်လွှဲဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။
လားရှိုးကို စစ်ကောင်စီပြန်ရပြီးနောက် ကိုးကန်တပ်ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီက ပြန်တောင်းနေပြီး ကိုးကန့်တပ်ဘက်က လက်မခံခဲ့ပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။