လွေးထွေး၊ နိုဝင်ဘာ ၁၃ ရက်၊ မုံးကိုး
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် မုံးကိုးမြို့မှာ လူသတ်မှု ကျူးလွန်ခဲ့သူ ရာဇဝတ်သား ၃ ဦးကို MNDAA က လူမြင်ကွင်းရှေ့မှာ သေဒဏ် ချမှတ်ခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မုံးကိုးမြို့ရဲ့ အားကစားကွင်းမှာ ရာဇဝတ်သား ၅ ဦးထဲမှ ၃ ဦးကို နိုဝင်ဘာ ၁၁ ရက် မနက် ၈ နာရီဝန်းကျင်က သေဒဏ် ပေးခဲ့ပြီး ကျန် ၂ ဦးကိုတော့ ထောင်ဒဏ် ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒေသခံ အမျိုးသမီးတစ်ဦးက “လူတွေ အကုန်သွားကြည့်လို့ရတယ်။ သူတို့ ခဏလေး ဖတ်ပြီး ၃ ယောက်ကို သတ်လိုက်တာ။ သတ်တဲ့အချိန်တော့ မမြင်ရဘူး။ သေနတ်သံတော့ ကြားတယ်” လို့ ပြောပါတယ်။
ထောင်ဒဏ် ချမှတ်ခံရသူ အမျိုးသား ၂ ဦးထဲမှတစ်ဦးကတော့ ထောင်ဒဏ် ၁၄ နှစ်၊ ကျန်တစ်ဦးကို ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သူက ဆက်ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကလည်း ခိုးမှု၊ လုယက်မှု၊ လူသတ်မှုနဲ့ မုဒိမ်းမှု ကျူးလွန်ခဲ့သူ အမျိုးသား ၇ ဦးကို ၎င်းတို့ ထိန်းချုပ်တဲ့ ရှမ်းမြောက် သိန္နီမြို့က လူမြင်ကွင်းရှေ့မှာ MNDAA က သေဒဏ် ပေးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။