ဓာတ်ပုံ- The Kokang

ရွှေဖီမြေ၊ ဧပြီ ၂၆ ရက်၊ လားရှိုး

ကိုးကန့်တပ်မတော်- MNDAA အနေနဲ့ ရှမ်းမြောက် လားရှိုးမြို့ကို ထိန်းချုပ်ထားစဉ် ကျန်းမာရေးကဏ္ဍကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ခဲ့ပေမဲ့ နိုင်ငံရေး ဖိအားကြောင့် လားရှိုးကနေ ဆုတ်ခွာရတာဖြစ်တယ်လို့ ကိုးကန့်တပ်ရဲ့ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နိုင်ငံရေး ဖိအားကြောင့် လားရှိုးကနေ ဆုတ်ခွာရတဲ့အပေါ် များစွာ စိတ်မကောင်း ဖြစ်ခဲ့ရပြီး မြို့ကို ကိုးကန့်တပ် ထိန်းချုပ်စဉ် ၈ လကျော်ကြာ လူထုအတွက် ကျန်းမာရေးဝန်ဆောင်မှု အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို MNDAA က ဒီနေ့ ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

လားရှိုးကို ထိန်းချုပ်ထားစဉ် ၈ လကျော်အတွင်း လူနာပေါင်း ၉ သောင်းကျော် (၉၅,၂၅၈ ဦး)ကို ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ပြည်သူတွေကို အကောင်းဆုံး လုပ်ပေးခဲ့တဲ့အပေါ် ကျေနပ်အားရပေမဲ့ နိုင်ငံရေးအရ အခုလို မဖြစ်မနေ ထားခဲ့ရတာကို စိတ်မကောင်း ဖြစ်မိပါတယ်” လို့ ကျန်းမာရေးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လားရှိုးကနေ ကိုးကန့်တပ် ဆုတ်ခွာစဉ် လားရှိုးဆေးရုံရှိ ဆေးပစ္စည်းတချို့ ယူဆောင်သွားတာ ရှိပေမဲ့ လူထုတွေအတွက် အရေးကြီးတဲ့ ပစ္စည်းတွေသာ ယူဆောင်တာ ဖြစ်တယ်လို့ ကိုးကန့်တပ်က ဆိုပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်က ထွက်ခွာခဲ့ရပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ ကိုးကန့်တပ်ဟာ တရုတ်ရဲ့ ဖိအားကြောင့် လားရှိုးကနေ ပြန်ဆုတ်ခဲ့ရတာ ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

လားရှိုးကို စစ်ကောင်စီထံ ငြိမ်းချမ်းစွာ လွှဲပြောင်းပေးဖို့ တရုတ်နိုင်ငံရဲ့ အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့ကို လားရှိုးမြို့သို့ ပို့ဆောင်ထားပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ပြီး ၈ လကျော်အကြာမှာ စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။