မိုင်းရူပ၊ ဧပြီ ၁၀ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့မှာ ရာဇဝတ်မှု ကျူးလွန်သူတွေကို ကိုးကန့်တပ်မတော်- MNDAA က လူမြင်ကွင်းရှေ့မှာ အမိန့်ချနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဧပြီ ၁၀ ရက် လားရှိုးမြို့ မန်ဆူကျောင်းနောက်ရှိ ကိုးကန့်ပါတီရုံးမှာ အမိန့်ချတာဖြစ်ပြီး ပြစ်ဒဏ် ပေးခံရတဲ့အထဲမှာ လူသတ်မှု၊ ဓားပြတိုက်၊ မုဒိမ်းမှုနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
“မုဒိမ်းမှု၊ ဓားပြ၊ လုယက်၊ လူသတ်မှု၊ မူးယစ်သုံးစွဲ လူသတ်မှုတွေပါ။ သေဒဏ် ပါသလို နှစ်ရှည်ထောင်ဒဏ်လည်း ပါတယ်” လို့ MNDAA နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြစ်ဒဏ် ချမှတ်ခံရသူတွေရဲ့ အရေအတွက်နဲ့ ချမှတ်တဲ့ ပြစ်ဒဏ် အတိအကျကိုတော့ ရွှေဖီမြေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ် ထိန်းချုပ်ပြီးနောက် လားရှိုးမြို့ပေါ် လူမြင်ကွင်းရှေ့မှာ ပြစ်မှု ကျူးလွန်သူတွေကို ပထဆုံးအကြိမ် စီရင်ချက်ချတာ ဖြစ်ပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ကိုးကန့်တပ်ရဲ့ သေဒဏ် ပေးမှုအပေါ် သေဒဏ်ဟာ လူမဆန်တဲ့ ယုတ်ညံ့တဲ့ ပြစ်မှုဖြစ်ကြောင်း ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။
လားရှိုးမြို့ကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်ဟာ ဧပြီ ၂၁ ရက် နောက်ဆုံးထားကာ လားရှိုးမြို့ကနေ ထွက်ခွာရမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက်လည်ပတ်မှာဖြစ်ကြောင်း သတင်းတွေ ထွက်နေပါတယ်။