ပို့လဘား၊ ဇူလိုင် ၂၂ ရက်၊ လားရှိုး
တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ကျောက်မဲနဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် တိမ်းရှောင်နေကြတဲ့ ဒေသခံတွေအတွက် ကိုးကန့်တပ်က လိုအပ်တဲ့ ငွေကြေး အထောက်အပံ့ ပေးနေတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမြို့နယ် နောင်မွန်နဲ့ ကျိုက်ယမ်းရွာအနီး စစ်ရှောင် ၅၀၀ ကျော် ရောက်ရှိလာပြီး ကိုးကန့်တပ်ဘက်က စစ်ရှောင်သူတွေ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ကူညီပေးနေတယ်လို့ ဆိုပါတယ်။
ကိုးကန့်တပ်က စစ်ရှောင်တွေအတွက် ဆန်အိတ် ၅၀ ကျော်၊ စားသုံးဆီ ၃၀၀ လီတာကျော်၊ ဆား ၂၀၀ ကျော်၊ ဟင်းသီးဟင်းရွက်နဲ့ တခြားပစ္စည်းတွေကိုလည်း စစ်ရှောင်တစ်ဦးချင်းစီ ပေးခဲ့တာပဲ ဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “ဒီဘက်မှာ ၅၀၀ ကျော်(စစ်ရှောင်)တော့ ရောက်ထားပြီ။ သူတို့နေဖို့ အိမ်တွေ ခွဲဝေနေပေးတယ်။ တချို့မိသားစုအလိုက်နဲ့ဆိုရင် အိမ်အလွတ်မှာ ပေးနေတယ်။ တချို့လူဆိုလည်း အုပ်စုလိုက် နေတယ်။ နောက် ရောက်လာမယ့်သူတွေကိုလည်း သူတို့အဆင်သင့် ကြိုတင်ပြင်ဆင်ထားတယ်” လို့ ပြောပါတယ်။
အလားတူ သီပေါနဲ့ ကျောက်မဲမြို့က စစ်ရှောင်လာတဲ့ ဒေသခံတွေလည်း လားရှိုးမြို့ဘက် အများစု ရောက်ရှိလာကြပြီး လားရှိုးမြို့ခံတွေက စစ်ရှောင်တွေအတွက် အိမ်ခန်း အခမဲ့ နေနိုင်ကြောင်းနဲ့ ဆေးဝါး အခမဲ့ ကုသနိုင်ကြောင်း အသိပေးစာတွေနဲ့ လူမှုကွန်ရက်မှာ မျှဝေနေကြပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။