မိုင်းရူပ၊ ဧပြီ ၂၁ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်အုပ်ချုပ်မယ့် ရှမ်းမြောက် လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ရပ်ကွက်ရှိ အထင်ကရ နေရာတွေမှာ စိုက်ထူထားတဲ့ ကိုးကန့်တပ်- MNDAA ရဲ့ အလံတွေကို ပြန်လည် ဖြုတ်သိမ်းနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ကိုးကန့်တပ်ဘက်က ၎င်းတို့ စိုက်ထူထားတဲ့ အလံတွေကို ဒီနေ့ ဧပြီ ၂၁ ရက် မနက်ပိုင်းမှာ လိုက်လံ ဖြုတ်ယူနေပြီး လားရှိုးမြို့တွင်းမှာ ကိုးကန့်တပ်ဖွဲ့ဝင်တချို့ ရှိနေသေးတယ်လို့ ဆိုပါတယ်။
“ကိုးကန့်အလံတွေ လိုက်ဖြုတ်နေတာ ဟုတ်တယ်။ ဒီမနက်အထိ လိုက်ဖြုတ်နေတုန်း။ မြို့ထဲမှာ ကိုးကန့်တွေတော့ သွားလာနေကြတုန်းပဲ” လို့ လားရှိုးမြို့ရှိ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကိုးကန့်တပ်အနေနဲ့ ဒီနေ့ ဧပြီ ၂၁ ရက် နောက်ဆုံးထားပြီး လားရှိုးကနေ ဆုတ်ခွာရမှာဖြစ်ပြီးတော့ ၎င်းတို့အနေနဲ့ မြို့တွင်းမှာ ဖြတ်သန်းသွားလာလိုရင် စစ်ကောင်စီထံ သတင်းပို့ရမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒီနေ့မနက်ပိုင်းအထိ စစ်ကောင်စီ၊ တရုတ်နဲ့ ကိုးကန့်တပ်တို့ အစည်းအဝေး လုပ်နေတဲ့ လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်ဘက်သွားတဲ့လမ်းကို ပိတ်ထားဆဲဖြစ်ပြီး မနက်ဖြန် ဧပြီ ၂၂ ရက်မှာ ၎င်းတို့ သုံးဖွဲ့အကြား ထပ်မံ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
လားရှိုးမြို့မှာ တရုတ်နိုင်ငံရဲ့ အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့က ရောက်ရှိနေပြီး တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန်ရှီကျွင်းလည်း လားရှိုးမြို့ကို ရောက်နေပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ ဧပြီ ၂၁ ရက် နောက်ဆုံးထားပြီး လားရှိုးမြို့ကနေ ထွက်ခွာရမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက် လည်ပတ်မှာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီရော ကိုးကန့်တပ်ဘက်ကပါ တရားဝင် ထုတ်ပြောတာ မရှိသေးပါဘူး။