မိုင်းရူပ၊ မိုင်းဖိူမ်းဆငဲ၊ အောက်တိုဘာ ၂ ရက်၊ ကျောက်မဲ
ကျောက်မဲမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ မြို့ပေါ်အားလုံးနီးပါးကို ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။
နောင်ချို-ကျောက်မဲ ပြည်ထောင်စု လမ်းကြီးကနေ ဝင်လာတဲ့ စစ်ကြောင်းနဲ့ စခန်းသာ-မိုင်းတင်းလမ်းခွဲကနေ ဝင်လာတဲ့ စစ်ကြောင်းဆိုပြီး ၂ ခုခွဲကာ ထိုးစစ်ဆင်လာပြီးတော့ မနေ့ အောက်တိုဘာ ၁ ရက်မှာ မြို့ရဲ့ နေရာအားလုံးနီးပါးကို ထိန်းချုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီနေ့ အောက်တိုဘာ ၂ ရက်မှာတော့ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့အကြား ကျောက်မဲ-သီပေါလမ်း ကျောက်မဲတိုးဂိတ်အနီးမှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ပြည်ထောင်စုလမ်းမကြီးကနေ ဝင်လာတဲ့အဖွဲ့ရော၊ မိုင်းတင်းလမ်းခွဲကနေ ဝင်လာတဲ့အဖွဲ့ရော မြို့ထဲ ရောက်ပြီ။ မြို့ရဲ့ နေရာအားလုံးနီးပါးကို စစ်ကောင်စီက ထိန်းချုပ်လိုက်ပြီလို့ ပြောလို့ရတယ်။ အခုက တိုးဂိတ်မှာ တိုက်ပွဲ ပြင်းထန်နေတယ်”
ကျောက်မဲမြို့ထဲ မနေ့ အောက်တိုဘာ ၁ ရက် ညနေပိုင်းမှာ စစ်တပ်က ဝင်ရောက်လာနိုင်တာလို့ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“နောက်တော့ တဖြည်းဖြည်း ပြန်ဆုတ်လိုက်ရတာပဲ။ ဒီညနေ(အောက်တိုဘာ ၁ ရက်)မှာပဲ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာနိုင်တာ”
TNLA ဘက်က ဆက်လက် ခုခံခဲ့ပေမဲ့ စစ်တပ်က သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တာကြောင့်နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ၎င်းသတင်းရင်းမြစ်က ပြောဆိုပါတယ်။
စစ်တပ်က မြို့ထဲ ရောက်မလာနိုင်ခင် စက်တင်ဘာ ၃၀ ရက်မှာ TNLA ခိုအောင်းတယ်လို့ထင်တဲ့ ဌာနဆိုင်ရာရုံး တွေကို မီးလောင်ဗုံး ကြဲချတိုက်ခိုက်ပြီး TNLA က မီးရှို့ခဲ့တယ်လို့ ဝါဒဖြန့်ခဲ့ကြပါတယ်။
စစ်တပ်ဘက်ကလည်း ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲပေါင်း ၁၂၀ ကျော် ဖြစ်ပွားပြီးနောက် ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။
မနေ့ ကျောက်မဲမြို့ထဲ ဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြိုဆိုနေတဲ့ ဗီဒီယိုဖိုင်ကို စစ်တပ်ကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြနေကြပါတယ်။
ကျောက်မဲမြို့ပေါ်မှာ စစ်တပ် မရောက်ခင် မြို့ခံ အားလုံးနီးပါး တိမ်းရှောင်သွားတာကြောင့် နောင်ချိုဘက်ကနေ စစ်ကောင်စီ ခေါ်လာတဲ့ စစ်တပ် ထောက်ခံသူ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ၂၀၂၄ ဩဂုတ် ၅ ရက်မှာ ကျောက်မဲမြို့ကို တအာင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၁ နှစ်ကျော်အကြာမှာတော့ စစ်တပ်လက်အောက် ပြန်ရောက်သွားတာပဲ ဖြစ်ပါတယ်။
စစ်တပ်ဟာ လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းကို ပြန်ထိန်းချုပ်ဖို့ သီပေါမြို့ဘက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။