မိုင်းရူပ၊ နိုဝင်ဘာ ၆ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၅)မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ကြောင်း သံသယရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးပြီး ငွေသိန်းဆယ်နဲ့ချီ တောင်းခံခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ရပ်ကွက်(၅)ရှိ နေအိမ်တချို့ထဲ မူးယစ်ဆေးဝါး ရောင်းတယ်ဆိုပြီး ရဲတပ်ဖွဲ့ဝင်တွေ မကြာခဏ လာရောက် စစ်ဆေးနေပြီး ရောင်းဝယ်သူတွေကို ဖမ်းဆီးရမိတာ မရှိပေမဲ့ ငွေသိန်းဆယ်နဲ့ချီ တောင်းပြီး ပြန်ထွက်သွားတယ်လို့ သိရပါတယ်။
မနေ့ နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်းမှာ ရပ်ကွက်(၅)မှာရှိတဲ့ နေအိမ်တစ်အိမ်ကို ရဲတပ်ဖွဲ့ဝင် သုံးဦးက ကားတစ်စီးနဲ့ ရောက်လာပြီး နေအိမ်အတွင်း မူးယစ်ဆေးဝါး ရှိမရှိ ဝင်ရောက် စစ်ဆေးရာမှာ သိန်း ၂၀ ကျော် တောင်းခံသွားတယ်လို့ ဖြစ်စဉ်ကို သိရှိထားသူ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဘိန်းစားရုပ်လို့ ထင်ရတဲ့အိမ်ဆို ဒီကောင်တွေ ဝင်ပြီ။ အိမ်ထဲ ဟိုမွှေဒီမွှေ လုပ်တာပေါ့။ ရေကန်တောင်မှာ ခဏခဏလာပြီး အဲလိုလုပ်တာ။ ဒီနေ့လည်း အိမ်တစ်အိမ် ဝင်စစ်တာ။ ဘာမှလည်း မမိဘူး။ သိန်း ၂၀ ကျော် တောင်းသွားတာ”
လားရှိုးမြို့ ရပ်ကွက်(၅)ရှိ ရေကန်တောင်မှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ ကျက်စားရာနေရာဖြစ်ပြီး မူးယစ်ဆေးကြောင့် သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ မကြာခဏ တွေ့ရတဲ့နေရာလည်း ဖြစ်ပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ် ထိန်းချုပ်စဉ် ရေကန်တောင်မှာ မူးယစ်ဆေး သုံးစွဲသူတွေနည်းပါးလာပေမဲ့ လားရှိုးကို စစ်ကောင်စီ ပြန်ရပြီးနောက် မူးယစ်ဆေးဝါး သုံးစွဲမှုတွေ ပြန်လည် ပေါများလာတာပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲ စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။