ရွှေဖီမြေ၊ မေလ ၈ ရက်၊ တောင်ကြီး
ရှမ်းတောင် တောင်ကြီးမြို့ရှိ Peter ဘားက ဝန်ထမ်းအမျိုးသမီးကို အသက်သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့တဲ့ ဘားပိုင်ရှင်ကို ထိရောက်စွာ အရေးယူပေးဖို့ အင်းလေးအမျိုးသမီးသမဂ္ဂ (IWU) တောင်းဆိုလိုက်ပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မေလ ၄ ရက်တုန်းက တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ Peter ဘားမှာ အလုပ်လုပ်နေတဲ့ အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ဝေကို ဆိုင်ရှင်ဖြစ်သူက ပြင်းထန်စွာ ရိုက်နှက်တာကြောင့် အမျိုးသမီးငယ်မှာ မျက်နှာ၊ လက်နဲ့ ဝမ်းဗိုက်ပိုင်းတွေမှာ ညိုမဲဒဏ်ရာတွေနဲ့ ရရှိခဲ့ပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဘားပိုင်ရှင်ဖြစ်တဲ့ အောင်မျိုးသူဆိုသူက ပြီးခဲ့တဲ့ မေလ ၅ ရက် မနက်ပိုင်းမှာ နေအိမ်ကနေ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့ရာ မေလ ၆ ရက် ညနေပိုင်းမှာတော့ ၎င်းကို ရှမ်းရှေ့ ကျိုင်းတုံမြို့နယ် တုံတာမြို့မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ မဖူးပွင့်ဝေအတွက် တရားမျှတမှု ဖော်ဆောင်ပေးနိုင်ဖို့ ရှမ်းပြည်နယ်ရှိ အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနဲ့ အင်းလေးလူထုတစ်ရပ်လုံးတို့အနေနဲ့ ဝိုင်းဝန်းကူညီ အသံထုတ်ဖော်ပေးကြဖို့ကိုလည်း IWU က တိုက်တွန်းပြောဆိုထားပါတယ်။
ဒါ့အပြင် အင်းလေးအမျိုးသမီးသမဂ္ဂအနေနဲ့လည်း သေဆုံးသွားတဲ့ မဖူးပွင့်ဝေအတွက် မှန်ကန်တဲ့ တရားစီရင်မှု ပေါ်ပေါက်လာတဲ့အထိ အဆုံးတိုင် ရပ်တည်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။