ယာရူစိင်၊ အောက်တိုဘာ ၁ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ရွေးကောက်ပွဲအတွက် မဲစာရင်း လာမကြည့်တဲ့ သူတွေကို ရဲစခန်းထိခေါ်ကာ ပါးရိုက်ပြီး ဒဏ်ငွေပေးဆောင်ခိုင်းတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အဲမဲစာရင်းကို ရပ်ကွက်ရှိ အိမ်တိုင်းလာကြည့်ဖို့ ရာအိမ်မှူးကိုယ်တိုင်ကနေ တဆင့် ပြောခိုင်းပြီး လာမကြည့်တဲ့သူတွေကိုတော့ ရဲစခန်းက အိမ်အထိ လာရောက်ခေါ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“မဲစာရင်းတွေကို မကြည့်မနေရဆိုတဲ့ပုံစံပါ။ တစ်ယောက်ဆို သွားကြည့်ဖို့မအားတာကြောင့် မကြည့်ဖြစ်တာလေ။ အဲတာ ရာအိမ်မှူးက ရဲစခန်းထိ သွားတိုင်လို့ ရဲစခန်းက လာခေါ်တာ။ သူတစ်ယောက်ထဲပဲ ဒဏ်ငွေဆောင်ရတာ မဟုတ်ဘူး။ တခြားသူတွေလည်း ဆောင်ရတယ်။ သူကျ မအားလို့ မကြည့်ဖြစ်ဘူးပြောလိုက်လို့ ရဲမှူးက သူ့ကို ပါးနှစ်ချက် ရိုက်တာလေ။ လူထုတွေကို အတင်းအကြပ်လုပ်ခိုင်းတာကျ အဆင်မပြေဘူး”
မဲစာရင်း လာမကြည့်တဲ့သူတွေကို ရဲစခန်းက ဒဏ်ငွေ ၅ သောင်းကနေ ၂ သိန်းအထိ တောင်းခံတဲ့အပြင် ပြန်ခံပြောတဲ့သူတွေကိုလည်း ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ အထက်ပါသတင်းအရင်းအမြစ်က ပြောပါတယ်။
နောက်ထပ် လားရှိုးမြို့ခံ တစ်ဦးက”မဲစာရင်း သွားမကြည့်လည်း ဒါကဒေသခံတွေရဲ့ သဘောပဲလေ။ မဲစာရင်းကြည့်ဖို့အတွက် ငါတို့ရပ်ကွက်ဘက်ဆို ရာအိမ်မှူးကိုယ်တိုင်က တစ်အိမ်ဝင်တစ်အိမ်ထွက် လုပ်နေတာ။ မဖြစ်မနေကြည့်ရမယ်ဆိုတာက အမိန့်ပေးနေတာလေ။ စစ်တပ်က မြို့ကိုထိန်းချုပ်ထားတော့ အာဏာရှိတိုင်း လုပ်စားနေရကြတာပါ”လို့ ပြောပါတယ်။
စစ်ကောင်စီဦးဆောင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ မဲဆန္ဒရှင်စာရင်းတွေကို ရပ်ကွက်ရုံးတွေမှာ ကပ်ထားပြီး မပျက်မကွက် လာကြည့်ဖို့ လော်စပီကာနဲ့ စစ်တပ်က ပြီးခဲ့တဲ့စက်တင်ဘာ ၂၉ ရက်က လိုက်လံ သတိပေးခဲ့တာပါ။
လားရှိုးမြို့မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီထဲမှာ စစ်တပ်ရဲ့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ- USDP၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ- SNDP နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ- PPP စတဲ့ ပါတီတွေပါဝင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း-၁ မှာ မဲဆန္ဒရှင်တွေရဲ့ စာရင်းကို မနေ့ စက်တင်ဘာ ၃၀ ရက် ကနေ အောက်တိုဘာ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်တွေမှာ ကပ်ထားမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ ပထမအပိုင်းကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ်ပေါင်း ၁၀၂ မြို့မှာ စတင်ပြုလုပ်မှာဖြစ်ပြီး အပိုင်း ၃ ပိုင်းနဲ့ ကျင်းပသွားမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။