လွေးထွေး၊ မေလ ၂၇ ရက်၊ ပြင်ဦးလွင်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီတပ်နဲ့ရဲက ပူးပေါင်းပြီး လိုင်စင်မပါတဲ့ လူထုတွေရဲ့ ကားနဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးထားပြီး ငွေကျပ် ၃ သောင်းကနေ ၁ သိန်းအထိ ပေးပြီးပြန်ထုတ်ယူခဲ့ရကြောင်း ပြင်ဦးလွင်ရှိ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မေလ ၂၄ ရက်ကစပြီး ဒီနေ့ မေလ ၂၇ ရက်အထိ လိုင်စင်မပါတဲ့ ဆိုင်ကယ်တစ်စီးကို ငွေကျပ် ၃ သောင်းကနေ ၅ သောင်း အထိ ပေးပြီး ပြန်ထုတ်ရတာ၊ အိမ်စီးကား၊ ကုန်တင်ကား အမျိုးအစားပေါ် မူတည်ပြီး ငွေကျပ် ၅ သောင်းကနေ ၁ သိန်းအထိ ပေးပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးမှာ လူထုတွေက မိမိဆိုင်ကယ်နဲ့ကားကို ပြန်ထုတ်ယူခဲ့ရတာ ဖြစ်ပါတယ်။
“သူတို့ကလုပ်ဆောင်ထားကြပါလို့လည်းပြောတာမရှိဘူး။ ကျမတို့ကတောင်ပေါ်ကနေလာတော့ ဆိုင်ကယ်က လိုင်စင်မပါဘူးလေ။ အဲတာကို မြို့လယ် နာရီစင်မရောက်ခင် ဖမ်းခံရတာ။ ဖမ်းတော့လည်း ဘာမှ ပြောဆိုလုပ်ဆောင်ပေးတာမရှိဘူး။ ငွေပေး လက်မှတ်ထိုးပြီး ပြန်လာရတာ” လို့ ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးစစ်ဆေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတို့ စီးလာတဲ့ကားလည်း လိုင်စင်မဲ့တွေသာဖြစ်ကြောင်း ၎င်းအမျိုးသမီးက ဆိုပါတယ်။
ဖမ်းဆီးစစ်ဆေးတာတွေဟာ လူထုတွေရဲ့ကားနဲ့ဆိုင်ကယ်တွေသာဖြစ်ပြီး သက်ဆိုင်ရာ အစိုးရဝန်ထမ်းနဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တွေကိုတော့ စစ်ဆေးဖမ်းဆီးတာမရှိဘူးလို့ နောက်ထပ်ဒေသခံ အမျိုးသမီးက ဆိုပါတယ်။
“ကျမအဖမ်းခံရတာတော့မဟုတ်ဘူး။ ရပ်ကွက်ထဲ ကြားနေရတာက သူတို့ကဖမ်းတာတော့ဟုတ်တယ်။ သူတို့က အသိပညာပေးတာ၊ လိုင်စင်လုပ်ပေးမှာ ဘာမှမပြောဘူး။ လူထုတွေဆီက ငွေလိုချင်လို့သာ လုပ်နေတာ” လို့ ပြောပါတယ်။
အလားတူ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းတောင် စစ်ဘေးရှောင်တွေ အများအပြားရှိနေတဲ့ တောင်ကြီးမြို့မှာလည်း လိုင်စင်မဲ့ယာဉ်တွေကို ပြီးခဲ့တဲ့ မတ်လ ပထမအပတ်ကစပြီး ဒီလမေလအထိ ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။