ပို့လဘား၊ ဖေဖော်ဝါရီ ၂၄ ရက်၊ မူဆယ်
ရှမ်းမြောက် မူဆယ်မြို့နယ်မှာ ကားတစ်စီး ဓာတ်တိုင်တစ်ခု ဝင်တိုက်မိရာကနေ တိမ်းမှောက်လို့ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဖြစ်စဉ်ဟာ မနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်အစောပိုင်း ၃ နာရီဝန်းကျင်မှာ Honda fit ကားတစ်စီးက မူဆယ် (၁၀၅)မိုင်ကနေ ဟိုနောင်ရွာဘက် ပြန်လာတဲ့အချိန်မှာ ကားအရှိန် မထိန်းနိုင်ဘဲ ဓာတ်တိုင် ဝင်တိုက်မိခဲ့တယ်လို့ သွားရောက် ကူညီပေးခဲ့သူတစ်ဦးက ပြောပါတယ်။
“ကားပေါ်မှာ နောက်ခန်းထိုင် လိုက်လာသူ သေတာ။ ၁၀၅ မိုင် ပွဲခင်းအပြန် လာကြတယ်လို့ ပြောတယ်။ သေတဲ့သူက သူ့ရဲ့ လည်ပင်း၊ မှေးစေ့၊ နားထင် ပေါက်ပြဲနဲ့ ဒဏ်ရာရပြီး ဆုံးသွားတာ”
အဲဒီကားထဲမှာ အမျိုးသား ၆ ဦး စီးလာတာဖြစ်ပြီး သေဆုံးသွားသူကတော့ အသက် ၃၅ နှစ်အရွယ်ရှိတဲ့ အမျိုးသား ဖြစ်တယ်လို့ ဆိုပါတယ်။
မိုင်းယု (၁၀၅)မိုင်မှာရှိတဲ့ ပါရမီ လူမှုကူညီရေးအသင်းက သွားရောက် ကူညီပေးခဲ့တယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။