ပို့လဘား၊ ဩဂုတ် ၆ ရက်၊ နောင်ပိန်
ရှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
နောင်ပိန်ကျေးရွာ ရပ်ကွက် ၅ မှာရှိတဲ့ ရွှေလမင်း ဆီဆိုင်ရှေ့က ဖြတ်မောင်းလာတဲ့ ကားတစ်စီးလည်း ရေနဲ့အတူ မျှောပါသွားခဲ့တယ်လို့ ပြောပါတယ်။
“မိုးက ဒီနေ့တနေကုန် ရွာတယ် မနေ့လည်း ရွာတယ်။ မိုးရေထဲမှာ ဖြတ်သွားတဲ့ ကားတစ်စီးက ရေထဲ မျှောပါသွားတယ်။ လူနှစ်ယောက်လည်း ရေထဲ မျှောပါသွားတာ။ အခုချိန်ထိ ကားရော လူရော ရှာမတွေ့သေးဘူး” လို့ ၎င်းဒေသခံက ပြောပါတယ်။
နောင်ပိန်ကျေးရွာမှာ ရေကြီးရေလျှံမှုဖြစ်ပြီး ပြောင်းခင်း၊ ကြံခင်းတွေကိုလည်း ဧကပေါင်းများစွာ ရေနစ်မြှုပ်သွားတာ ရှိသလို အနိမ့်ပိုင်းက နေအိမ်တွေလည်း ရေနစ်မြှုပ်တာ ရှိတယ်လို့ ဆိုပါတယ်။
ရှမ်းတောင် ကလော၊ အောင်ပန်း၊ ရှမ်းအရှေ့ တာချီလိတ်မြို့မှာလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေ တက်လာပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကာ နေအိမ် ပျက်စီးတာတွေ ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။