ပို့လဘား၊ ဩဂုတ် ၇ ရက်၊ ကျောက်မဲ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ မိုးရွာသွန်းမှုကြောင့် မြို့တွင်းက ရပ်ကွက်တချို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကျောက်မဲမြို့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၆၊ ၉၊ ရပ်ကွက်ရုံးအနီးနဲ့ တောင်နောက်ရပ်ကွက်မှာ မိုးဆက်တိုက် ရွာသွန်းပြီး ရေချောင်း လျှံထွက်မှုနဲ့ တောင်ကျရေတွေကြောင့် ရေကြီးရေလျှံမှု ကြုံနေရတာလို့ ဆိုပါတယ်။
“မိုးက ၃ ရက်ဆက်တိုက် ရွာတာ။ ဒီမနက်လည်း မိုးတဖွဲဖွဲ ကျနေတာ ရေတော့ မကျသေးဘူး။ ရပ်ကွက် ၆ ဘက်က ချောင်းနားဆို အိမ်တွေပါ မြှုပ်တယ်။ တံတားလည်း ရေနစ်သွားတယ်။ ဈေးသစ်ထဲမှာလည်း ရေအပြည့်ဘဲ။ အရင်နှစ်တွေက ရေကြီးတယ်ဆိုပေမဲ့ အခုလောက် မဆိုးဘူး”
ဒါ့အပြင် မနေ့ ဩဂုတ် ၆ ရက်က နောင်ပိန်ကျေးရွာမှာ မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားပြီး ရေထဲ မျောပါသွားတဲ့ ကား ၃ စီးနဲ့ လူနှစ်ဦးကိုလည်း ပြန်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်းမြောက်အပြင် ရှမ်းတောင် ကလော၊ အောင်ပန်း၊ ရှမ်းအရှေ့ တာချီလိတ်မြို့မှာလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေ တက်လာပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကာ နေအိမ် ပျက်စီးတာ၊ လူထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။